ဗြိတိန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ နိုင်ငံတောင်ပိုင်းမှာ လျင်မြန်စွာ ကူးစက်နေတဲ့ COVID-19 နဲ့ ဆက်စပ်နေတဲ့ ဗိုင်းရပ်စ် အမျိုးအစားသစ် တမျိုးအကြောင်းကို အဖြေရှာနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဗြိတိန်ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုကို နိုင်ငံတွင်းက လူပေါင်း ၁,၀၀၀ ကျော်လောက်မှာ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
ပညာရှင်တွေက ပြောင်းလဲနေတဲ့ မျိုးဗီဇကွဲ ကူးစက်မှုအကြောင်းကို ခြေရာခံစုံစမ်းနေပြီး လက်ရှိ ဗိုင်းရပ်စ်ထက် ရောဂါပိုမို ပြင်းထန်ခြင်း ရှိ၊မရှိ၊ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေး အလုပ်ဖြစ်၊ မဖြစ်ဆိုတာတွေပါ အသေးစိတ် လေ့လာနေဆဲဖြစ်လို့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ယူကေ သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ် အမျိုးအစားသစ်ကို “VUI-202012/01” လို့ နာမည်ပေးထားပြီး လေ့လာနေဆဲ ရလဒ်တွေအရ လက်ရှိ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ထက် လူတွေကြား ကူးစက်မှု ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။
ဗြိတိန်အစိုးရကလည်း ဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ဆက်စပ်နေတဲ့ ကူးစက်မှုသစ်တွေကြောင့် လန်ဒန်မြို့တော် အပါအဝင် နေရာအများအပြားကို COVID-19 ကန့်သတ်ချက် အမြင့်ဆုံးအဆင့်ကို ဒီဇင်ဘာ ၁၄ ရက်မှာပဲ ထပ်မံတိုးမြင့်လိုက်ပါတယ်။
အင်္ဂလန်ပြည်သူ့ကျန်းမာရေးဘက်က ပြောကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်မှာ COVID-19 ကူးစက်မှုတွေထဲက အင်္ဂလန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းနေရာတွေမှာ မျိုးဗီဇကွဲကူးစက်မှု ၁,၁၀၈ ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်တော်တော်များများဟာ သဘာဝအရ မျိုးဗီဇ ကွဲတာမျိုးတွေ ဖြစ်လေ့ရှိပြီး SARS-CoV-2 ဗိုင်းရပ်စ်ဆိုရင် တလမှာ တကြိမ်ကနေ နှစ်ကြိမ်လောက် သန္ဓေပြောင်းလဲမှုတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။ “လေ့လာနေဆဲ ရလဒ်တွေအရဆိုရင် ၂၀၁၉ မှာ စတင်ပေါ်ပေါက်လာတဲ့ SARS-CoV-2 ဗိုင်းရပ်စ်အမျိုးအစားဟာ မျိုးဗီဇကွဲ ထောင်သောင်းချီလောက် ပြောင်းလဲခဲ့တာပါ” လို့ COG-UK မျိုးဗီဇကျွမ်းကျင်သူအဖွဲ့က ဆိုပါတယ်။
မျိုးဇီကွဲ အများစုက ဗိုင်းရပ်စ်ကူးစက်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ အနည်းစုလောက်သာ ကူးစက်မှု ပိုပြင်းထန်တာမျိုး၊ ကူးစက်မှု ပိုများလာတာမျိုးတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ PHE ဆေးပညာ အကြံပေး Susan Hopkins က “ဗိုင်းရပ်စ်က ပြောင်းလဲသွားမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ အရေးကြီးဆုံးက မျိုးဗီဇကွဲသွားတဲ့အတွက် ဖြစ်လာနိုင်မယ့် အန္တရာယ်တွေကို အမြန်ဆုံး နားလည်အောင် ကြိုးစားဖို့ပါပဲ” လို့ ဆိုပါတယ်။

ဗြိတိန်လွှတ်တော်မှာလည်း COVID-19 ရောဂါနဲ့ ဆက်စပ်နေတဲ့ မျိုးဗီဇကွဲကြောင့် ကူးစက်မှုတွေကို အမြန်ဆုံး ကာကွယ်ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး Matt Hancock က နိုင်ငံတွင်းက ဒေသ ၆၀ ကျော်က တာဝန်ရှိသူတွေဟာ မျိုးဗီဇကွဲကူးစက်မှု အကြောင်းကို တွေ့ရှိထားပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
Ref: Reuters