မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လာ
မန္တလေးတိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တသောင်းကျော်ရှိလာပြီး ရန်ကုန်တိုင်းပြီးပါက ဒုတိယအများဆုံးကူး စက်နေကြောင်း၊ သေဆုံးနှုန်းမှာလည်း နေ့စဉ်မြင့်တက်လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် သည့် စာရင်းဇယားများအရ သိရသည်။
မန္တလေးတိုင်းတခုလုံးတွင် ယနေ့ထုတ်ပြန်သည့်စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၄၃၃ ဦး၊ နှင့်သေဆုံးသူ ၁၄၁ ဦးထိရှိလာပြီး၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ တရက်တည်းပင် ပိုးတွေ့သူ ၃၆၃ ယောက်ရှိသဖြင့် ကိုဗစ်ကာလတလျှောက် တရက်တည်း ပိုးတွေ့သူ အများဆုံးစံချိန်တင်ခဲ့သည်။
မန္တလေးတိုင်းတွင် ခရိုင် ၇ ခုရှိသည့်အနက် အဖြစ်အများဆုံးမှာ မန္တလေးခရိုင်ဖြစ်ပြီး ကိုဗစ်ပိုးကူးစက်ခံရသူ ၈၄၆၉ ဦးထိရှိ ကာ၊ ဒီဇင်ဘာ ၁၆ ရက်နေ့ တရက်တည်းပင် သေဆုံးသူ ၁၃ ဦးရှိခဲ့ပြီး၊ ၁၀ ဦးမှာ Semi Lockdown လုပ်ထားသည့် မန္တလေးခရိုင်မှ ဖြစ်သည်။
ယနေ့တွင် ကိုဗစ်ရောဂါပိုးရှိ လူနာ သေဆုံးမှု ၁၀ ဦးထက် မနည်းရှိနေပြီး၊ မနက်ပိုင်း၌ ကိုဗစ်ဖြင့် သေဆုံးသူ ၂ ဦးကို သဂြိုဟ်မည့်နေရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မန္တလေးအခြေစိုက် ပရဟိတ မင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်တင့်ကပြောသည်။
၎င်းက “သေဆုံးနှုန်းက ဒီနေ့က အများဆုံးလို့တောင်မှထင်ရတယ်။ ဆေးရုံကြီးကလာတာ ၁၄ ယောက်၊ ဧရာစင်တာက ၂ ယောက်၊ နောက် ကုတင် ၃၀၀ က ၅ ယောက် ဒီနေ့သဂြိုဟ်ခဲ့ရတာ”ဟု ပြောသည်။
ထိုသဂြိုဟ်ခဲ့ရသူများထဲတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာမှ ဆေးကုသခံနေရင်း သေသူများပါဝင်သလို၊ ကိုဗစ်ရောဂါပိုး ရှိသူများနှင့် ထိတွေ့သောကြောင့် စောင့်ကြည်လူနာအဖြစ် ထားရှိရာမှ သေသူများလည်း ပါဝင်သည်ဟု ၎င်းကပြော သည်။
ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားလာသည့် ဒုတိယလှိုင်းကာလ အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရ ကျန်းမာရေးဌာနပိုင် လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်း ပိုးတွေ့လူနာ အရေအတွက် များပြားလာသဖြင့် မန္တလေးအခြေစိုက် ပရဟိတအသင်းများမှ လူနာတင်ယာဉ်များဖြင့် ကိုဗစ်-၁၉ အတည်ပြု လူနာပို့ ဆောင်ခြင်း၊ သေဆုံးသူများကို သဂြိုလ်မည့်နေရာသို့ ပို့ဆောင်ခြင်းလုပ်ငန်းများကို ကူညီလုပ်ဆောင်ပေး လာကြသည်။
ကိုဗစ် ဒုတိယလှိုင်းအစ နိုင်ငံခြား၊ ရခိုင်နှင့် ရန်ကုန်မှ ပြန်သူများကိုသာ အလေးထားစောင့်ကြည့်ရသော်လည်း ရွေး ကောက်ပွဲ ကာလ လူစုလူဝေးများ ဖြစ်ပွားပြီးနောက် မန္တလေး၏ ကိုဗစ်ပိုးတွေ့ရှိရမှုမှာ ထိန်းမရအောင် ဖြစ်လာသည်ဟု ဦခင်မောင်တင့်ကဆိုသည်။
“နောက်ပိုင်းမှာ လူစုလူဝေးတွေရဲ့ ဒဏ်က ဘာဖြစ်သွားလည်းဆိုတော့ တရက်ကို တရာကျော် နှစ်ရာ ပတ်ဝန်းကျင်ဖြစ် သွား တယ်။ နေ့တိုင်းဖြစ်လာတယ် အဲဒီအချိန်မှာကျနော်တို့ကလည်း တချို့ရက်တွေဆို မနက် ၅ နာရီကနေ နောက်တရက် မနက် ၅ နာရီလောက်ထိမနားလိုက်ရတဲ့ရက်တွေရှိတယ်”ဟု ၎င်းကပြောသည်။
မန္တလေးဆေးရုံကြီးသို့ ကိုဗစ်-၁၉ အတည်ပြုလူနာ တက်ရောက်မှု များသဖြင့် နေရာမလောက်၍ အဆောင်သစ် ထပ်မံ တိုးချဲ့ထားသလို နောက်ထပ် အဆောင်တဆောင် ထပ်ဆောက်နေကြောင်းမန္တလေးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ နွေးနွေးလှိုင်ကပြောသည်။
“လူနာကတော့တိုးလာတယ်၊ Mask တပ်ပါ လက်ဆေးပါ ခပ်ခွာခွာနေပါ ဆိုတာတွေကို မလိုက်နာတော့ တိုးလာတာပေါ့။ ရန်ကုန်မှာလိုပဲ တိုးရင်းတိုးရင်း ပြင်းထန်မှုက မြင့်လာတယ်။ အောက်စီဂျင်လိုအပ်တဲ့လူလည်းပိုပြီးတော့ များလာတယ်”ဟု ၎င်းက ပြောသည်။
တိုးချဲ့အဆောင်များတွင် အထူးစောင့်ကြည့်ကုသဆောင် (HDU)၊ အထူးကြပ်မတ်ကုသဆောင်(ICU) များထားခြင်း၊ လူနာ ကုတင်တိုင်းတွင် အောင်စီဂျင်များရရှိရရန် စီစဉ်လုပ်ဆောင်ထားကြောင်း၊ မန္တလေးဆေးရုံကြီး စာရင်းဇယားများအရ အောက်တိုဘာ၌ကိုဗစ်လူနာ ၂၄၇ ဦးသာရှိခဲ့ရာ နိုဝင်ဘာတွင် ၁၄၅၉ ဦးထိ တက်ရောက်ကုသလာခဲ့ပြီး ယခု ဒီဇင်ဘာလ ဝက်တွင် ၁၇၂၃ ဦးထိ တိုးလာကြောင်း သိရသည်။
ဆေးရုံကြီး၏ စုစုပေါင်းစာရင်းအရ ၎င်းတို့ထံတွင် တက်ရောက်ကုသသူ ကိုဗစ်-၁၉ လူနာမှာ ၃၅၃၇ ဦးထိရှိခဲ့ပြီး လက်ရှိ ကုသနေဆဲမှာ ၁၆၆ ဦးရှိနေသည်။
မန္တလေးတတိုင်းလုံးစာရင်းများအရ ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်သောင်းကျော်ရှိသည့်အနက် လူ ၃၀၀၀ နီးပါးမှာ သက်ဆိုင်ရာဆေးရုံများတွင် ကုသနေကြရပြီး လူ ၇၀၀၀ ကျော်မှာဆေးရုံဆင်းသွားကြပြီဖြစ်သည်။
မန္တလေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လာမှုကြောင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ ၇ မြို့နယ်ကို Semi Lockdown အဖြစ် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ဆောင်ရွက်ခဲ့ပြီး တမြို့နယ်နှင့်တမြို့နယ် ဝင်ထွက်သွားလာမှုများကန့်သတ်ထားသော်လည်း ထိုမြို့နယ်များမှ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိမှုများလည်း တိုးလာနေဆဲဖြစ်သည်။
ထိုကဲ့သို့ တိုးနေခြင်းမှာ ကန့်သတ်မှုများမလုပ်ခင်က ပုံမှန်တိုင်းနေကြသည့် လူစုလူဝေးများကြောင့် ဖြစ်နိုင်သလို အာဏာပိုင်များ၏ ပေါ့ပေါ့ဆဆကိုင်တွယ်မှု၏ အကျိုးဆက်ဖြစ်နိုင်သည်ဟု Semi Lockdown မြို့နယ်များတွင် တခုအပါအဝင်ဖြစ်သည့် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ မြို့ခံ ဦးသိန်းအောင်မြင့်က ပြောသည်။
“မန္တလေးမှာက ပိုးတွေ့လူနာက နေ့စဉ်လိုလိုတိုးလာတယ်။ ရန်ကုန်ပြီးရင် မန္တလေးက ဒုတိယအများဆုံးလို့လည်း မြင်နေရ တယ် အဲဒီအပေါ်မှာလည်း စိုးရိမ်တယ်။ ကျနော်အပါအဝင် မိသားစုတွေတော်တော်များများရဲ့ စားဝတ်နေရေးတွေကလည်း ကြာလာတော့ ခက်ခဲလာတယ် အဲဒီပေါ်မှာလည်းစိတ်ပူရတာပေါ့၊ စိုးရိမ်ရတာရော စိတ်ပူရတာတွေရော အကုန်လုံးကတော့ ရှုပ်ထွေးနေတယ်” ၎င်းကပြောသည်။
မန္တလေးတွင် Semi Lockdown ကိုစတင်စဉ်က ဖြတ်သန်းသွားလာရန် အမှန်တကယ် လိုအပ်သူများက မြို့နယ်ဖြတ်ကျော် သွားလာခွင့်ကဒ်ပြား (နယ်ကျော်ကဒ်ပြား) များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လာရောက်ထုတ်ယူရာ တွင် ယင်းမြို့နယ်အုပ်ချုပ်ရေးရုံး ပရဝဏ်များအတွင်း လူစုလူဝေးများဖြစ်ပေါ်ခဲ့သောကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ပြည်သူများက ကိုဗစ်စည်းကမ်းများကို လိုက်နာပါက ကူးစက်မှု ကိုထိန်းသိမ်းနိုင်မည်ဖြစ်၍ လိုက်နာပေးရန်လိုအပ်ကြောင်းနှင့် လာမည့်ပွဲတော် ၂ ခုဖြစ်သော ခရစ်စမတ်နှင့် နှစ်သစ်ကူး (New year) ပွဲများတွင် လူစုလူဝေးပြုလုပ်မှုတို့ကို မဖြစ်စေလိုကြောင်း ဒီဇင်ဘာ ၁ ရက်နေ့က မီဒီယာများကိုပြောဆိုထား သည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ၊ ဧရာဝတီစင်တာ၊ ကုတင် ၃၀၀ ဆေးရုံ၊ အလုပ်သမားဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် သံဃာ့ဆေးရုံ စသည်တို့တွင် ကုသမှုများဆောင်ရွက် ပေးနေပြီး Quarantine ထားရှိရန်နှင့် ကုသမှုပေးရန်အတွက် စင်တာများ၊ ဆေးရုံများ ထပ်မံတိုးချဲ့လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၁၁၉၀၀ ဦး၊ သေဆုံး ၂၃၄၆ ဦးနှင့် ပြန်လည် သက်သာလာသူ ၉၀၄၅၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။