Coronavirus Update

ပြင်သစ်သမ္မတ မက်ခရွန် COVID-19 ကူးစက်ခံရ

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) ကို COVID-19 ရောဂါ စစ်ဆေးခဲ့ပြီးနောက် ပိုးကူးစက်ခံရတယ်လို့ Élysée နန်းတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ သမ္မတဟာ လက်ရှိမှာ အဖျားဝင်နေပြီး၊ ကိုယ်လက် ကိုက်ခဲကာ ချောင်းဆိုးနေတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ်၊ သမ္မတ မက်ခရွန်ဟာ ဗာဆိုင်းမှာရှိတဲ့ La Lanterne သမ္မတအိမ်တော်မှာ တဦးတည်း သီးခြားခွဲနေဖို့အတွက် ပြင်ဆင်ထားပါတယ်။ အသက် ၆၇ နှစ်အရွယ်၊ သမ္မတကတော် Brigitte Macron ကတော့ ရောဂါလက္ခဏာ မပြတာမို့ ပါရီက Élysée နန်းတော်မှာပဲ Quarantine နေထိုင်မှာ ဖြစ်ပါတယ်။

“သမ္မတ မက်ခရွန်က တဦးတည်း သီးခြားခွဲနေရင်း အလုပ်တွေ ဆက်လုပ်သွားမှာပါ” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ပိုးကူးစက်ခံရတယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေကလည်း အားပေး စကားတွေ ပေးပို့ခဲ့ကြသလို အစောပိုင်းက ပိုးကူးစက်ခံရဖူးတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဖုန်းနဲ့ ဆက်သွယ်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ ပိုးကူးစက်ခံရတာကြောင့် နိုင်ငံတွင်းက အစိုးရအဖွဲ့ဝင်တွေလည်း Quarantine ဝင်နေရသလို၊ ဆေးစစ်ခဲ့ပြီး ပိုးကူးစက်ခံရခြင်း မရှိပေမယ့် ဝန်ကြီးချုပ် Jean Castex လည်း Quarantine ဝင်နေပါတယ်။ COVID-19 ကူးစက်ခံရတာကြောင့် သမ္မတရဲ့ နောက်တပတ် လက်ဘနွန်နိုင်ငံခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

ပေါ်တူဂီဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြင်သစ် သမ္မတ မက်ခရွန်

မကြာခင် ရက်ပိုင်းတုန်းက သမ္မတ မက်ခရွန်ဟာ ဥရောပ ထိပ်တန်းခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တာကြောင့် သူနဲ့ ဆက်စပ်ခဲ့သူအားလုံး Quarantine နေထိုင်သွားဖို့ရှိပါတယ်။ ပေါ်တူဂီဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်၊ ဥရောပသမဂ္ဂ ကောင်စီ ဥက္ကဋ္ဌ Charles Michel အပြင် OECD အတွင်းရေးမှူးချုပ် Angel Gurria တို့လည်း သတ်မှတ်ချက်တွေအတိုင်း Quarantine နေထိုင်သွားမယ်လို့ ဆိုပါတယ်။

စပိန်ဝန်ကြီးချုပ်နဲ့ အတူ တွေ့ရတဲ့ ပြင်သစ် သမ္မတ မက်ခရွန်

OECD အတွင်းရေးမှူးချုပ် Gurria က ပြင်သစ်သမ္မတ တက်ရောက်ခဲ့တဲ့ OECD ပွဲအခမ်းအနားကို လာကြတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းအားလုံးကို စိတ်ချရအောင် ကျန်းမာရေး စည်းကမ်းချက်တွေအတိုင်း ဆေးစစ်တာနဲ့ Quarantine နေထိုင်တာမျိုးတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြင်သစ် သမ္မတ တက်ရောက်ခဲ့တဲ့ OECD ပွဲ အခမ်းအနား

စပိန်ဝန်ကြီးချုပ် Pedro Sanchez လည်း COVID-19 ဆေးစစ်ခဲ့ပြီး ကူးစက်မှု မရှိပေမယ့် ဒီဇင်ဘာ ၂၄ ရက်ထိ Quarantine နေထိုင်သွားမယ်လို့ ပြောကြားလိုက်သလို၊ သမ္မတ မက်ခရွန်အတွက်လည်း အမြန်ဆုံး သက်သာစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ COVID-19 နောက်ဆုံးကူးစက်ခံထားရသူပါ။ အစောပိုင်းတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်တို့လည်း COVID-19 ကူးစက်ခဲ့ဖူးပါတယ်။

ကပ်ရောဂါ စတင်ချိန်ကစလို့ လက်ရှိအချိန်ထိ ပြင်သစ်မှာ COVID-19 ကူးစက်ခံရသူပေါင်း ၂,၄၂၇,၃၁၆ ဦး ရှိပြီး၊ သေဆုံးသူကတော့ ၆၀,၀၀၀ နီးပါး ရှိပါပြီ။ ကူးစက်မှုနှုန်းတွေ မြင့်တက်နေဆဲဖြစ်လို့ ပြဇာတ်ရုံ၊ ပြတိုက်၊ ရုပ်ရှင်ရုံတွေကို ပိတ်ထားဦးမှာဖြစ်ပြီး၊ ညမထွက်ရ အချိန်ကိုလည်း ယခင်က ည ၉ နာရီကနေ နောက်နေ့ မနက် ၆ နာရီအစား ည ၈နာရီကနေ နောက်နေ့ မနက် ၆ နာရီထိ တိုးမြင့်လိုက်ပါတယ်။

Ref: edition.cnn

You may also like these stories:

ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres

မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လာ

အင်ဒိုနီးရှားမှာ ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

Loading