ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကူးစက်မှုနှုန်းတွေ ဆက်တိုက် ကျဆင်းနေပါတယ်။ စက်တင်ဘာလလယ်လောက်က နေ့စဉ် ကူးစက်မှု ၉ သောင်းဝန်းကျင် ရှိခဲ့ရာက ဒီဇင်ဘာလမှာ ဆက်တိုက်ဆိုသလို နေ့စဉ် ကူးစက်မှု ၃ သောင်းအောက်ကို ကျဆင်းသွားတာပါ။
အမေရိကန်နိုင်ငံပြီးရင် COVID-19 ကူးစက်မှုပေါင်း ၁၀ သန်းနီးပါးရှိတဲ့ အိန္ဒိယမှာ ဒီဇင်ဘာ ၁၇ ရက်က ၂၄ နာရီအတွင်း ကူးစက်မှု ၂၂,၈၉၀ ထိ ကျဆင်းလာပါတယ်။ သေဆုံးနှုန်းကလည်း ၁၀ ရက် ဆက်တိုက်ဆိုသလို ၃၀၀ ကျော်သာ ရှိတယ်လို့ ဆိုပါတယ်။
အိန္ဒိယ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၇ ရက်က COVID-19 ကြောင့် သေဆုံးသူ ၃၃၈ ဦး ရှိလို့ စုစုပေါင်း ၁၅၀,၀၀၀ နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကူးစက်ခံရသူ ၉,၉၇၉,၄၄၇ ဦးကနေ ပြန်လည် သက်သာလာသူ အရေအတွက် ၉,၅၂၀,၈၂၇ ဦးရှိလို့ ရောဂါကူးစက်နေသူ ၃၀၀,၀၀၀ ကျော်သာ ကျန်ရှိပါတော့တယ်။
တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ လာမယ့်အပတ်တွေမှာ COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်အတွက် ခွင့်ပြုချက် တောင်းထားတဲ့ ကာကွယ်ဆေးတချို့ ခွင့်ပြုပေးသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဆေးဝါး ကုမ္ပဏီ ၂ ခုက ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေပြီး ဆေးဝါး စမ်းသပ်နေဆဲ နောက်ထပ် ၆ ခုလည်း ရှိနေပါတယ်။
အိန္ဒိယရဲ့ ဆေးဝါး စိစစ် စောင့်ကြည့်ရေးကို ခွင့်ပြုချက် တောင်းခံထားတဲ့ထဲမှာ Covishield ကာကွယ်ဆေးဟာ Serum Institute of India နဲ့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး၊ နောက်ထပ် တခုကတော့ အိန္ဒိယဆေးဝါး သုတေသနကောင်စီ (ICMR) နဲ့ အတူပူးပေါင်းမယ့် Bharat ဇီဝနည်းပညာ ကုမ္ပဏီထုတ် Covaxin တို့ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်အရ ပညာရှင်တွေက အစောဆုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ သြဂုတ်လဆန်းပိုင်းထိ လူဦးရေ သန်း ၃၀၀ ပြည့်မီအောင် ထိုးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီ့အတွက် ပြည်တွင်း၊ ပြည်ပ ဆေးကုမ္ပဏီတွေနဲ့ စကားပြောထားပြီး ဆေးဝါးစမ်းသပ်မှု နောက်ဆုံးအဆင့် ရောက်နေတဲ့ ဆေးဝါးတွေလည်း အရန်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
ဦးစားပေး ထိုးနှံရမယ့် ၁၀ သန်းလောက်က ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်သား၊ ရဲဝန်ထမ်း၊ မြူနီစပယ်လုပ်သားတွေ ဖြစ်ပါတယ်။ နောက်ထပ် ဦးစားပေးအုပ်စုကတော့ အသက် ၅၀ အထက်နဲ့ ၅၀ အောက် နာတာရှည် ရောဂါသည်တွေလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကို ကာကွယ်ဆေး ထိုးနှံရေးအတွက် နိုင်ငံတဝှမ်းက သူနာပြုနဲ့ သားဖွားဆရာမ ၂၀၀,၀၀၀ ကျော်ထဲက ၁၅၀,၀၀၀ ကျော် ပါဝင် အားဖြည့်သွားဖို့ ရှိသလို သူနာပြုကျောင်းက နောက်ဆုံးနှစ် ကျောင်းသားတွေလည်း စေတနာ့ဝန်ထမ်းအဖြစ် ပူပေါင်းသွားမယ်လို့ ဆိုပါတယ်။
Ref: India Today , BBC
You may also like these stories:
ကိုဗစ်လူနာများ ကုသရန် နေရာလုံလောက်မှု ရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးပြော
ဗီယက်နမ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးကို လူနဲ့ စမ်းသပ်မှု စတင်
ပြင်သစ်သမ္မတ မက်ခရွန် COVID-19 ကူးစက်ခံရ