ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှု အနည်းငယ်သာ ရှိလာရာကနေ ဒီဇင်ဘာ ၁၉ ရက်မှာ ကူးစက်မှုအသစ် ၅၄၈ ဦးနဲ့ ၂၄ နာရီ မပြည့်ခင် ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ တိုးလာပြီး စုစုပေါင်း ၅၇၆ ဦး ရှိနေပြီလို့ ထိုင်းအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ကူးစက်မှု အစုလိုက် စတင်ခဲ့ရာ နေရာကတော့ ငါးဖမ်းလုပ်ငန်း လုပ်ကြတဲ့ Samut Sakhon ခရိုင်က ရွှေ့ပြောင်းလုပ်သား အများစု နေထိုင်ရာ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ အစိုးရပိုင်းရဲ့ ထုတ်ပြန်ချက်အရ ကူးစက်သူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြဘူးလို့ ဆိုပါတယ်။
နောက်ထပ်လည်း ဗိုင်းရပ်စ် စစ်ဆေး စမ်းသပ်မှုတွေ တိုးမြင့်လုပ်ဆောင်သွားဖို့ ရှိပြီး အဆိုပါနေရာကို ဒီဇင်ဘာ ၁၉ ရက်ညက စတင်ပြီး ဇန်နဝါရီလ ၃ ရက်ထိ တစိတ်တဒေသ Lockdown ချ ကန့်သတ်လိုက်ပါပြီ။
တာဝန်ရှိသူတွေကတော့ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ အဆောင်တွေကို စစ်ဆေး စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၇ ရက်ကလည်း အဆိုပါ ဒေသခံ ငါးဈေးမှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတဦး COVID-19 ကူးစက်ခံထားရပါသေးတယ်။ အမျိုးသမီးဟာ ခရီးသွားရာဇဝင် မရှိသလို၊ ရောဂါကူးစက်သူတွေနဲ့ ထိတွေ့ခဲ့တာမျိုး မရှိပါဘူး။
Samut Sakhon ဟာ ဘန်ကောက်မြို့တော်နဲ့ ကား ၁ နာရီလောက်သာ မောင်းရပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက်မှု အသစ်တွေ ရှိနေပေမယ့် အဆိုပါ ခရိုင်မှာ တခြားဒေသတွေ နည်းတူ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပမယ့် ပြည်တွင်း ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
မဲဆန္ဒပြုမယ့်သူတွေဟာ ကျန်းမာရေးဌာနက သတ်မှတ်ပေးထားတဲ့အတိုင်း Social distancing အကွာအဝေးနဲ့ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်လာရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul ကတော့ Samut Sakhon ခရိုင် ကူးစက်မှုမှာ ငါးဖမ်းလုပ်ငန်း လာရောက် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဖြစ်နိုင်တယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အစိုးရက ကူးစက်မှု ၅၀၀ ကျော်ရှိခဲ့တဲ့ Samut Sakhon ခရိုင်က ရွှေ့ပြောင်းလုပ်သားတွေကို သီးခြား ခွဲထားပြီး Quarantine ထားရှိကာ ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်ဆောင်ပေးနေသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားတယ်လို့ ဆိုပါတယ်။
“ရွှေ့ပြောင်းလုပ်သားတွေဆိုတာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တဖက်တလမ်းက အထောက်အကူပြုနေတာပါ။ ဒါကြောင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ပြစ်တင်ဝေဖန်နေဖို့မဟုတ်ဘဲ သီခြားခွဲထွက် ဆောင်ရွက်ပေးရမှာမျိုးပါ။ လူအခွင့်အရေး သတ်မှတ်ချက်တွေအရ ထိုင်းနိုင်ငံဟာ အရင်ကလည်း ဒီလို အတွေ့အကြုံတွေ ရှိခဲ့ပါတယ်” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Taweesin Visanuyothin က ပြောပါ တယ်။
ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံထားရသူ ၅,၀၀၀ နီးပါးရှိလာပြီး၊ သေဆုံးသူ ၆၀ ဦး ရှိပါတယ်။
Ref: Thai Enquirer