ကမ္ဘာပေါ်ရှိ တိုက်ကြီး ၇ တိုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တဲ့ အန္တာတိကတိုက်မှာ ပထမဆုံးအကြိမ် ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလာပါပြီ။ သုတေသန အခြေစိုက်စခန်းမှာ နေထိုင်သူတွေကို COVID-19 စစ်ဆေးခဲ့ရာ ၃၆ ဦး ကူးစက်ခံထားရတယ်လို့ ချီလီ စစ်ဘက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အာရှ၊ အာဖရိက၊ ဥရောပ၊ သြစတြေးလျ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တနှစ်ကျော်လွန်ချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်မှု မရှိ ကင်းစင်နေတဲ့ အန္တာတိကတိုက်မှာ ကူးစက်ခံထားရကြောင်း ထွက်ပေါ်လာခဲ့တာပါ။
အန္တာတိကတိုက် မြောက်ပိုင်းစွန်း Trinity Peninsula ရှိ ချီလီသုတေသန အခြေစိုက်စခန်း တခုဖြစ်တဲ့ General Bernardo O’Higgins Riquelme Base မှာ COVID-19 စစ်ဆေးခဲ့ရာ စစ်သည် ၂၆ ဦးနဲ့ ကန်ထရိုက်တာ ၁၀ ဦးတို့ ပိုးကူးစက်ခံထားရကြောင်း အဖြေထွက်ပေါ်လာတယ်လို့ ပြောဆိုလိုက်ပါတယ်။
အဆိုပါ ကူးစက်မှုတွေ စတင်ခဲ့ရာကတော့ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်ထိ O’Higgins Base ကို လိုအပ်တဲ့ ပစ္စည်းတွေ လာရောက် ပို့ဆောင်ပေးခဲ့တဲ့ စစ်သင်္ဘောပေါ်က အနည်းဆုံး ၃ ဦးမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။
အဆိုပါ စစ်သင်္ဘောဟာ ချီလီနိုင်ငံ၊ Punta Arenas ဆိပ်ကမ်းမှာ ဒီဇင်ဘာ ၁၀ ရက်က ရပ်နားခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ စစ်သည် ၂ ဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ ချီလီရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကူးစက်မှုတွေ ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၁၆ ရက်က သင်္ဘောပေါ်ပါ ၂၀၈ ဦးလုံးကို ဗိုင်းရပ်စ် စစ်ဆေးခဲ့ရာ ၃ ဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဆိုပါ သင်္ဘောတစီးလုံး ကာကွယ်ရေး အစီမံတွေနဲ့ Quarantine လုပ်ထားတယ်လို့ ဆိုပါတယ်။
ကူးစက်မှုတွေ ရှိနေတဲ့ General Bernardo O’Higgins Riquelme Base ကို လက်ရှိမှာ သီးခြားခွဲထုတ်ထားပြီး၊ စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။ ကူးစက်ခံထားရသူတွေရဲ့ ကျန်းမာရေးအခြေအနေအတွက် အန္တာတိကတိုက်ရှီ ချီလီနယ်မြေ Magallanes မှ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ကူညီ လုပ်ဆောင်ပေးနေတယ်လို့ ချီလီစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခြေအနေဆိုးတဲ့ ဒေသမှာ ကူးစက်ခံထားရတဲ့ အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေး အခြေအနေကို စိတ်ချမှု ရှိအောင် စောင့်ကြပ် ကြည့်ရှုပေးနေတယ်လို့ ဆိုပါတယ်။
Ref: editon.cnn
You may also like these stories:
ထိုင်ဝမ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ၈ လအတွင်း ပထမဆုံး ပြန်တွေ့ရှိ
ဗိုင်းရပ်စ်သစ်ကြောင့် ယူကေ ခရီးသွားတွေကို နိုင်ငံ ၄၀ ကျော် ပြည်ဝင်ခွင့်ပိတ်
တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်း မြင့်တက်လာ