ယူကေမှာ ပျံ့နှံ့နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှု စင်ကာပူနိုင်ငံမှာလည်း ပထမဆုံးအကြိမ် တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) က ဒီဇင်ဘာ ၂၃ ရက်က ကြေညာလိုက်ပါတယ်။ ယူကေမှာ ပညာသင်ကြားပြီး ပြန်လာတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးမှာ ကူးစက်မြန် ဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံထားရတာပါ။
ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ယူကေမှာ ကူးစက်နေတဲ့ B117 အမျိုးအစားဖြစ်ပြီး၊ နိုင်ငံပိုင်ဓာတ်ခွဲခန်းမှလည်း ဥရောပကနေ မကြာခင်က ပြန်ရောက်လာသူထံမှာ မျိုးဗီဇကွဲ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။
နိုဝင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၁၇ ရက်အတွင်း စင်ကာပူနိုင်ငံကို ဥရောပနိုင်ငံတွေကနေ ပြန်လာသူ ၃၁ ဦး ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီထဲကမှ ၁၂ ဦးက B117 အမျိုးအစားသစ်မဟုတ်ဘဲ ၁ ဦးသာ ယူကေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲ ကူးစက်ခံထားရတာပါ။
လက်ရှိမှာတော့ ဓာတ်ခွဲ စမ်းသပ်နေတဲ့ ၁၁ ဦးကို B117 အမျိုးအစားသစ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ဖို့ စစ်ဆေးနေဆဲ ၅ ဦးမှာ သွေးတွင်းဗိုင်းရပ်စ် အရေအတွက် နည်းနေတာကြောင့် ဆိုင်းငံ့ထားသလို နောက်ဆုံး ဝင်ရောက်လာသူ ၂ ဦးကိုတော့ ဗိုင်းရပ်စ် စစ်ဆေးပြီး ရလဒ် မထွက်သေးကြောင်း MOH က ပြောဆိုလိုက်ပါတယ်။
လတ်တလောမှာတော့ ယူကေမှာ ကူးစက်နေတဲ့ ကူးစက်မြန် B117 အမျိုးအစားဟာ စင်ကာပူနိုင်ငံပြည်တွင်းမှာ ကူးစက်နေကြောင်း သက်သေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
“ကူးစက်ခံထားရသူ အားလုံးဟာ စင်ကာပူကို ရောက်လာပြီး ၁၄ ရက် Quarantine ဝင်နေသူတွေပါ။ သူတို့နဲ့ ထိတွေ့ထားသူ အားလုံးလည်း Quarantine ဝင်ထားပါတယ်” လို့ ဆိုပါတယ်။ အဆိုပါ အသက် ၁၇ နှစ်အရွယ် ကျောင်းသူဟာ သြဂုတ်လတည်းက ယူကေမှာ ကျောင်းတက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်က စင်ကာပူကို ပြန်လည် ရောက်ရှိလာသူပါ။
ပြန်ရောက်ပြီး နောက်တနေ့မှာပဲ အဖျားဝင်ကာ ဒီဇင်ဘာ ၈ ရက်မှာတော့ COVID-19 ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ အမျိုးအစားသစ် B117 ကူးစက်မှုကို ကာကွယ်နိုင်အောင် ဒီဇင်ဘာ ၂၃ ရက်ကစလို့ ယူကေနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း နေထိုင်ခဲ့သူ ခရီးသွားအားလုံးကို စင်ကာပူကနေတဆင့် သွားရောက်ဖို့ (သို့မဟုတ်) စင်ကာပူနိုင်ငံတွင်း ဝင်ရောက်ခွင့်တွေကို ပိတ်ပင်လိုက်ပါတယ်။
ဗြိတိန်ကနေ ပြန်လာတဲ့ စင်ကာပူနိုင်ငံသား ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့် ရသူတွေကို လေဆိပ်ဆိုက်ရောက်မှာတင် COVID-19 စစ်ဆေးသွားမှာ ဖြစ်သလို၊ ဆိုက်ရောက်တဲ့ နေ့ကစလို့ အိမ်မှာ ၁၄ ရက် Quarantine သီးခြားနေထိုင်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ လတ်တလော COVID-19 အတည်ပြုလူနာတွေဟာ ကနေဒါ၊ အိန္ဒိယနဲ့ ယူကေက ပြန်လာသူ စင်ကာပူနိုင်ငံသားတွေ ဖြစ်သလို၊ မြန်မာ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားကနေ ပြန်လာသူ လုပ်သားတွေ ဖြစ်ပါတယ်။
ယခင်က ကူးစက်မှုတွေ ပျံ့နှံ့ခဲ့ဖူးတဲ့ နိုင်ငံခြားသား အလုပ်သမားအဆောင်တွေမှာလည်း ကူးစက်မှုအသစ်တွေ မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ စင်ကာပူဟာ လက်ရှိ COVID-19 ကူးစက်ခံထားရသူပေါင်း ၅၈,၄၈၂ ဦးနဲ့ သေဆုံးသူ ၂၉ ဦး ရှိပါတယ်။
Ref: The Straits Times
You may also like these stories:
အန္တာတိကတိုက်မှာ ပထမဆုံး COVID-19 ကူးစက်မှု တွေ့ရှိ
ထိုင်ဝမ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ၈ လအတွင်း ပထမဆုံး ပြန်တွေ့ရှိ
ဗိုင်းရပ်စ်သစ်ကြောင့် ယူကေ ခရီးသွားတွေကို နိုင်ငံ ၄၀ ကျော် ပြည်ဝင်ခွင့်ပိတ်