Coronavirus Update

ဂျပန်မှာ ဗြိတိန်ပြန် ၅ ဦး ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ

ဂျပန်နိုင်ငံမှာ COVID-19 အမျိုးအစားသစ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Norihisa Tamura က ဒီဇင်ဘာ ၂၅ ရက်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ယူကေကနေ ပြန်လာသူ ၅ ဦးမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မူလ ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မြန်ပြီး ယူကေမှာ ကူးစက်မှုနှုန်းမြင့်နေတဲ့ အမျိုးအစားသစ် ကူးစက်ခံထားရသူတွေဟာ ဒီလထဲမှာပဲ ၂ ဦးက တိုကျိုရှိ Haneda လေဆိပ်နဲ့ ကျန် ၃ ဦးက အိုဆာကာရှိ Kansai နိုင်ငံတကာ လေဆိပ်တွေကနေ ဂျပန်နိုင်ငံကို ဝင်ရောက်လာခဲ့ကြတာပါ။

ကူးစက်ခံထားရသူ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဟာ အသက် ၇၀ အောက်တွေဖြစ်ပြီး၊ ဗြိတိန်ကို ခရီးသွားရာဇဝင် ရှိထားတာကြောင့် ဆေးစစ်ရာက မျိုးဗီဇသစ် ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတာပါ။ ကူးစက်သူ ၅ ဦးမှာ ၄ ဦးက ရောဂါလက္ခဏာ မပြဘူးလို့ ဆိုပါတယ်။

အမျိုးအစားအသစ် ကူးစက်ခံထားရတယ်လို့ ကြေညာခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ဟာ ဂျပန်မှာ ဆက်တိုက်ဆိုသလို ကူးစက်မှု ၃,၀၀၀ ကျော်တဲ့ တတိယမြောက်နေ့လည်း ဖြစ်ပါတယ်။ ကူးစက်သူအသစ် ၃,၇၄၈ ဦး ရှိတာကြောင့် စုစုပေါင်း ၂၀၉,၉၈၀ ဦး ရှိလာပြီ ဖြစ်ပါတယ်။ တက်ရောက် ကုသနေဆဲ လူနာ ၆၄၄ ဦး ပြင်းထန် အခြေအနေမှာ ရှိနေကာ ဒီဇင်ဘာ ၂၅ ရက်က ၄၂ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၃,၁၀၅ ဦး ရှိသွားပါပြီ။

ဂျပန်နိုင်ငံဟာ ဒီဇင်ဘာ ၂၄ ရက်ကစလို့ ယူကေနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပေမယ့် ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ဂျပန်လူမျိုးတွေကိုတော့ ပြည်ဝင်ခွင့် ပေးထားဦးမယ်လို့ ဆိုပါတယ်။

ဗြိတိန် အပါအဝင် နိုင်ငံအသီးသီးက ပြန်လာမယ့် COVID-19 စစ်ဆေးပြီးတဲ့ နေထိုင်ခွင့်ရ နိုင်ငံခြားသားတွေဟာ ပြန်ဝင်လာချိန်မှာ နေထိုင်မယ့် နေရာပါတဲ့ ခြေရာခံ Application ကို ထည့်သွင်းထားရမယ်လို့ ဆိုပါတယ်။ ဗြိတိန်ကနေ ပြန်လာမယ့် ဂျပန်နိုင်ငံသားတွေ အကုန်လုံးလည်း ၇၂ နာရီအတွင်း ဆေးစစ်ထားတဲ့ လက်မှတ်ကို ပြည်ဝင်ခွင့် ဆိုက်ရောက်ချိန်မှာ ပြသရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုကျိုမြို့တော်ကလည်း နိုင်ငံတွင်းမှာ ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်နေပြီး နေ့စဉ် ၈၀၀ ဝန်းကျင် ကူးစက်ခံနေရပါတယ်။ ကူးစက်မှုနှုန်း ၂၅၀ ဝန်းကျင်နဲ့ အသက် ၂၀ အရွယ်လူငယ်တွေ အများဆုံးဖြစ်ပြီး ၆၅ နှစ်ကျော် အရွယ်တွေကတော့ ကူးစက်မှုနှုန်း ၁၀၀ အောက်သာ ရှိပါတယ်။

Saitama, Kyoto, Hyogo နဲ့ Kumamoto ခရိုင် ၄ ခုကတော့ နေ့စဉ် ကူးစက်မှုနှုန်း အမြင့်ဆုံးမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ် Yoshihide Suga က နှစ်သစ်ကူးကာလမှာ ကူးစက်မှုတွေ ဟန့်တားနိုင်ဖို့ဆိုရင် အကောင်းဆုံး ကာကွယ်ထားနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Ref: Japan Times

You may also like these stories:

စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ခံထားရကြောင်း အတည်ပြု

အန္တာတိကတိုက်မှာ ပထမဆုံး COVID-19 ကူးစက်မှု တွေ့ရှိ

ထိုင်ဝမ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ၈ လအတွင်း ပထမဆုံး ပြန်တွေ့ရှိ

Loading