COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ကမ္ဘာ့နိုင်ငံများ
ကမ္ဘာပေါ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ၁ နှစ် ပြည့်မြောက်ချိန်မှာ နိုင်ငံအသီးသီးမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်နေပါပြီ။ ဆောင်းရာသီကာလ ကူးစက်မှုနှုန်း အရှိန်မြင့်နေချိန်မှာ တဖက်ကလည်း ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ် အသုံးပြုခွင့်ပေးပြီး ထိုးနှံမှုတွေ စတင်နေတာပါ။
ယူကေ
ကမ္ဘာပေါ်မှာ COVID-19 ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ပြီး၊ ဒီဇင်ဘာ ၈ ရက်က Pfizer-BioNTech ဆေးကို အသက် ၉၀ အရွယ် Margaret Keenan နဲ့ စတင်ခဲ့ပါတယ်။ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်ခဲ့ပြီးနောက်မှာပဲ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုကြောင့် လန်ဒန်အပါအဝင် နေရာအများအပြားကို နှစ်သစ်ကူးကာလ Lockdown ချထားရပါတယ်။
ယူအေအီး
အရှေ့အလယ်ပိုင်းနိုင်ငံ ယူအေအီးမှာတော့ မြို့တော် အဘူဒါဘီမှာ နေထိုင်သူတွေကို ဒီဇင်ဘာ ၁၄ ရက်က COVID-19 ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအတွက် Pfizer-BioNTech အပြင် တရုတ်နိုင်ငံထုတ် Sinopharm ကိုလည်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ယူအက်စ်
ကမ္ဘာပေါ်မှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်မှာ ဒီဇင်ဘာ ၁၄ ရက်ကပဲ ကာကွယ်ဆေး ထိုးနှံမှုကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ စတင်ခဲ့ပါတယ်။ အမေရိကန် လူဦးရေအတွက် Pfizer-BioNTech အပြင် Moderna ကာကွယ်ဆေးကိုလည်း ဒုတိယမြောက်အဖြစ် ခွင့်ပြုပေးလိုက်ပါပြီ။
ကနေဒါ
ကနေဒါမှာ Pfizer-BioNTech ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၄ ရက်က Quebec နေ ၈၉ နှစ်အရွယ် အမျိုးသမီးကြီးတဦးကို ထိုးနှံပေးခဲ့ပါတယ်။ ဒုတိယမြောက် ခွင့်ပြုပေးလိုက်တဲ့ Moderna ဆေးလည်း ဒီဇင်ဘာ ၂၄ ရက်က ရောက်ရှိလာပါပြီ။
ဆော်ဒီအာရေဗျ
အာရေဘီယံကျွန်းဆွယ်မှာ ကူးစက်သူ ၃၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၆,၀၀၀ ကျော်နဲ့အများဆုံးဖြစ်နေတဲ့ ဆော်ဒီမှာ Pfizer-BioNTech ကာကွယ်ဆေး ထိုးနှံမှုကို ဒီဇင်ဘာ ၁၇ ရက်က စတင်လိုက်ပါတယ်။
အစ္စရေး
တနိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး ထိုးနှံရေးကို ဒီဇင်ဘာ ၁၉ ရက်က အသက် ၇၁ နှစ်အရွယ် ဝန်ကြီးချုပ် Netanyahu နဲ့ ကျန်းမာရေးဝန်ကြီးတို့ Pfizer-BioNTech ကာကွယ်ဆေး ထိုးနေပုံကို ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။
ကာတာ
ကာတာနိုင်ငံမှာ လူတိုင်း အခမဲ့ ကာကွယ်ဆေး ထိုးနှံရေးကို ဒီဇင်ဘာ ၂၂ ရက်က ပထမအသုတ် Pfizer-BioNTech ကာကွယ်ဆေး ရောက်ပြီးနောက် စတင်ခဲ့ပါတယ်။ ကာတာဟာ Pfizer-BioNTech အပြင် Moderna ၊ Oxford-AstraZeneca တို့နဲ့လည်း စာချုပ်ချုပ်ဆိုထားပါတယ်။
မက္ကဆီကို
ကမ္ဘာပေါ်မှာ သေဆုံးမှု အမြင့်ဆုံး စာရင်းဝင် မက္ကဆီကိုဟာ ဒီဇင်ဘာ ၂၄ ရက်က ကာကွယ်ဆေး ထိုးနှံမှုကို စတင်လိုက်ပါပြီ။ Pfizer-BioNTech ကာကွယ်ဆေး ၃,၀၀၀ ကို ပထမအသုတ်အဖြစ် ထိုးနှံပေးခဲ့ပါတယ်။
ချီလီ
နောက်ထပ် လက်တင်အမေရိကနိုင်ငံတွေထဲမှာ ချီလီဟာ မက္ကဆီကိုပြီးရင် ကာကွယ်ဆေး ထိုးနှံတဲ့ ဒုတိယမြောက် နိုင်ငံပါ။ ဒီဇင်ဘာ ၂၄ မှာပဲ သမ္မတ Sebastian Pinera ကို စတင်ထိုးနှံခဲ့ပါတယ်။
ရုရှား
စက်တင်ဘာလထဲက ပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးကို စတင်ထိုးနှံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၃ ရက်မှာ သမ္မတ ပူတင်က ရုရှားဟာ COVID-19 ကာကွယ်ဆေးကို ပထမဆုံးအတည်ပြုနိုင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Ref: Aljazeera
You may also like these stories:
ဂျပန်မှာ ဗြိတိန်ပြန် ၅ ဦး ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ
စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်ခံထားရကြောင်း အတည်ပြု