ယူကေနိုင်ငံမှာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန်တဲ့ မျိုးဗီဇကွဲ ကူးစက်မှု အကြောင်းကို ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့အပြီးမှာ သိပ္ပံပညာရှင်တွေက “VUI-202012/01” အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာလလယ်လောက်တည်းက စတင်ကူးစက်နေတာလို့ ယူဆနေကြပြီး ယူကေရဲ့ ဒေသ အများအပြားမှာ ကူးစက်ခံနေရတာပါ။ ပညာရှင်တချို့ကတော့ အမျိုးအစားသစ်ကို “B117” အဖြစ် နာမည်ပေးထားပါတယ်။
ယခင်အပတ်က တောင်အာဖရိကနိုင်ငံမှာလည်း မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိကြောင်း အတည်ပြုပြောကြားလိုက်ပြီး “501.V2” လို့ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာတော့ အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေး အကြီးအကဲက နိုင်ဂျီးရီးယားနိုင်ငံမှာလည်း နောက်ထပ် COVID-19 အမျိုးအစားသစ် “P681H” ကူးစက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံနေရတာ ယူကေ အပါအဝင် ၁၆ နိုင်ငံထိ ရှိလာပါပြီ။
ယူကေ
ယူကေ ကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်မှာ အင်္ဂလန်တောင်ပိုင်း နေရာတချို့ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရသူ ၁,၀၀၀ ကျော်ထိ ရှိနေပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မှာတော့ တောင်အာဖရိကမှာ ကူးစက်ခံရတဲ့ အမျိုးအစားသစ် ကူးစက်သူ ၂ ဦး တွေ့ရှိကြောင်း ကြေညာခဲ့ပြန်ပါတယ်။
သြစတြေးလျ
ယူကေနိုင်ငံက ပြန်လာသူ ၂ ဦးမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရတယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒိန်းမတ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ဒိန်းမတ်နိုင်ငံမှာ COVID-19 အမျိုးအစားသစ် ကူးစက်မှု ၉ ခု တွေ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကနေဒါ
ယူကေမှာ ကူးစက်နေတဲ့ COVID-19 အမျိုးအစားသစ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိရတယ်လို့ ကြေညာခဲ့ပါတယ်။ ကူးစက်ခံရသူတွေဟာ ခရီးသွားရာဇဝင် မရှိသလို၊ ကူးစက်ထားသူ လူနာတွေနဲ့လည်း ထိတွေ့မှု မရှိသူတွေဖြစ်ပြီး သူတို့ကို သီးသန့် ခွဲခြားထားတယ်လို့ ဆိုပါတယ်။
ပြင်သစ်
လန်ဒန်မြို့ကနေ ဒီဇင်ဘာ ၁၉ ရက်က ပြန်လာသူမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရတာ ပထမဆုံးအကြိမ် တွေ့ရကြောင်း ပြောကြားလိုက်ပါတယ်။ ကူးစက်ခံထားရသူကို နေအိမ်မှာပဲ သီခြား Quarantine ထားရှိပြီး ရောဂါလက္ခဏာ မပြဘူးလို့ ဆိုပါတယ်။
အီတလီ
ဒီဇင်ဘာ ၂၀ ရက်က COVID-19 အမျိုးအစားသစ် ကူးစက်ကြောင်း စတင်တွေ့ရှိပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ယူကေနဲ့ ဆက်စပ်မှု မရှိတဲ့သူမှာ ကူးစက်မှု ထပ်မံ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
ဂျပန်
ဂျပန်နိုင်ငံကို ဗြိတိန်ကနေ ပြန်လာသူ ၅ ဦးမှာ COVID-19 အမျိုးအစားသစ် ကူးစက်မှု တွေ့ရှိကြောင်း ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဂျော်ဒန်
ယူကေနေ မကြာခင်က ပြန်ရောက်လာသူတွေထံမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၂၇ ရက်မှာ ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
လက်ဘနွန်
Middle East Airlines နဲ့ လန်ဒန်ကနေ ပြန်ရောက်လာသူထံမှာ COVID-19 အမျိုးအစားသစ် ကူးစက်ထားကြောင်း တွေ့ရတယ်လို့ ဒီဇင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။
နယ်သာလန်
ဒီဇင်ဘာ ၂၂ ရက်က မြို့တော် အမ်စတာဒမ်နားမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ဂျီးရီးယား
ဒီဇင်ဘာ ၂၄ ရက်မှာ အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေး အကြီးအကဲက နိုင်ဂျီးရီးယားမှာ နောက်ထပ် COVID-19 အမျိုးအစားသစ် P681H ကူးစက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။
စင်ကာပူ
စင်ကာပူမှာတော့ ဒီဇင်ဘာ ၂၄ ရက်က ယူကေနိုင်ငံက ပြန်လာသူ ကျောင်းသူလေးမှာ COVID-19 အမျိုးအစားသစ် B117 ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စပိန်
ယူကေကနေ ပြန်လာသူ ၄ ဦးထံမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၂၆ ရက်က ကြေညာလိုက်ပါတယ်။
တောင်အာဖရိက
မူလထက် ကူးစက်မြန်တဲ့ COVID-19 အမျိုးအစားသစ် 501.V2 ကူးစက်နေပြီး ယူကေ အပါအဝင် နိုင်ငံတချို့မှာပါ ကူးစက် ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား
လန်ဒန်ကနေ ပြန်လာတဲ့ မိသားစုတစုထံမှာ COVID-19 အမျိုးအစားသစ် ကူးစက်ခံထားရကြောင်း ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အေဂျင်စီက ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဆွီဒင်
ယူကေကနေ ပြန်လာသူတွေထဲက တဦးမှာ COVID-19 အမျိုးအစားသစ် ကူးစက်ထားကြောင်း ဆွီဒင်ကျန်းမာရေး အေဂျင်စီက ဒီဇင်ဘာ ၂၆ ရက်က ကြေညာခဲ့ပါတယ်။
Ref: Aljazeera
You may also like these stories:
အိန္ဒိယက အာရှအတွက် ဈေးသက်သာသော ကိုဗစ်ကာကွယ်ဆေးများ ရောင်းချမည်
COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ကမ္ဘာ့နိုင်ငံများ
ဂျပန်မှာ ဗြိတိန်ပြန် ၅ ဦး ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ