ထိုင်းနိုင်ငံမှာ လတ်တလော COVID-19 ကူးစက်မှုတွေကြောင့် နှစ်သစ်ကူးကာလအတွင်း ပြည်သူတွေ အိမ်မှာပဲ နေကြဖို့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ဘန်ကောက် အပါအဝင် ခရိုင်အချို့မှာ ကူးစက် ပျံ့နှံ့နေတဲ့ ကူးစက်မှုအသစ်တွေကြောင့် မဖြစ်မနေမှသာ ခရီးသွားလာကြဖို့ ပြောဆိုသွားခဲ့ပါတယ်။
“ဒီနှစ် နှစ်သစ်ကူးကို ကျနော်တို့တွေ လူအရေအတွက် အကန့်အသတ်နဲ့ အိမ်မှာပဲ ကျင်းပခွင့်ရတော့မှာပါ” လို့ ဝန်ကြီးချုပ် ပရာရွတ်က သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပြောဆိုလိုက်တာပါ။
ဒီဇင်ဘာ ၂၉ ရက် အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဟာ ထုံးစံအတိုင်း မီဒီယာတွေရဲ့ အမေးစကားကို တိုက်ရိုက် တုန့်ပြန် ဖြေကြားသွားခြင်း မရှိဘဲ Government House မှာရိုက်ကူးထားတဲ့ ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ပြည်သူတွေ အခြေအနေကို အထိတ်တလန့် ဖြစ်စရာ မလိုသလို၊ လျှော့ပေါ့နေရမှာမျိုး မဟုတ်ဘဲ မလိုအပ်ရင် ခရီးသွားလာခြင်း မပြုဖို့နဲ့ လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားဖို့ ပြောကြားလိုက်တာပါ။ ဒါ့အပြင် ပြည်သူတွေဟာ COVID-19 အခြေအနေ စောင့်ကြည့်ရေးစင်တာ (CCSA) ကနေ ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေကို သတိမူကြဖို့ တိုက်တွန်းထားပါတယ်။
ဒေသတွင်း ခရီးသွားလာခွင့် တားမြစ်ထားခြင်း မရှိဘဲ ခရိုင်အလိုက် COVID-19 ထိန်းချုပ်ရေး စည်းကမ်းချက်တွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။ အများပြည်သူ သွားလာရာ နေရာတိုင်းမှာ Thai Chana QR Code ကို Check-in ဝင်ပေးကြဖို့လည်း ပြောဆိုလိုက်ပါတယ်။
လာမယ့် နှစ်သစ်ကူးကာလမှာ ပြည်သူတွေ အများဆုံး ပြောဆိုနေကြတဲ့ Lockdown ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က အတည်ပြုခြင်း မရှိသလို၊ ငြင်းဆိုသွားတာမျိုးလည်း မရှိခဲ့ပါဘူး။ ကူးစက်မှုအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပေမယ့် သူ့ကိုယ်ပိုင်အမြင်အရ နိုင်ငံအဆင့် Lockdown ချစရာ မလိုအပ်သေးဘူးလို့ ပြောသွားပါတယ်။
ကူးစက်မှုဖြစ်နေတဲ့ နေရာတွေပေါ် မူတည်ပြီး COVID-19 ထိန်းချုပ်ရေးအပိုင်းကို လုပ်ဆောင်နေတယ်လို့ CCSA ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin က ပြောပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ခရိုင် ၄၅ ခု မှာ ရောဂါကူးစက်မှုတွေ ပျံ့နှံ့ထားပြီး အများဆုံး ဆမွတ်ဆခွန် ခရိုင်မှာဆိုရင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပြောသွားပါတယ်။
ကူးစက်မှုတွေ များနေတဲ့ ဆမွတ်ဆခွန် နဲ့ Rayong မှာ နှစ်သစ်ကူးပွဲတော်တွေ မလုပ်ဖို့နဲ့ တွေ့ဆုံပွဲတွေကိုပါ ပိတ်သိမ်းလိုက်တယ်လို့ ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲ Kiatiphum Wongrajit က ဆိုပါတယ်။ ကူးစက်မှုနည်းတဲ့ ဒေသတွေမှာသာ နှစ်သစ်ကူးပွဲတွေ လူအရေအတွက် အနည်းအကျဉ်းနဲ့ လုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့တော်မှာ လတ်တလော ကူးစက်မှုတွေအတွင်း ကူးစက်မှုပေါင်း ၁၀၀ ကျော်လွန်သွားပါပြီ။ Rayong မှာတော့ ကူးစက်မှုအသစ် ၅၆ ခုနဲ့ စုစုပေါင်း ၁၄၈ ခု ဖြစ်လာပါပြီ။ ကူးစက်မှုတွေကြောင့် အရက်ရောင်းချခွင့် ပိတ်ပင်ထားပေမယ့် စူပါမားကတ်နဲ့ Takeaway ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။
Ref: Bangkok Post