ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် စာရင်းထဲ ထည့်သွင်းပေးလိုက်ပါပြီ။ ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေပါ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့် ရလာစေချင်တဲ့ ရည်ရွယ်ချက်အတွက် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က WHO ရဲ့ ထုတ်ပြန်ချက်မှာ ကပ်ရောဂါ စတင်ချိန်ကစလို့ အရေးပေါ် အသုံးပြုခွင့်စာရင်းထဲမှာ ပါလာတဲ့ ပထမဆုံး ကာကွယ်ဆေး ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝှမ်းက နိုင်ငံအများအပြားမှာ ကိုယ်ပိုင် စံနှုန်းတွေနဲ့ လေ့လာဆန်းစစ်ပြီး ခွင့်ပြုပေးနိုင်အောင် လမ်းစ ဖွင့်ပေးလိုက်တာပါ။
လိုအပ်နေတဲ့ တိုင်းပြည်တွေကို ကာကွယ်ဆေး ဖြန့်ဝေပေးမယ့် UNICIEF နဲ့ Pan-American Health Organization လို အဖွဲ့အစည်းတွေအတွက်လည်း ခွင့်ပြုပေးလိုက်တာလို့ ဆိုပါတယ်။
“ကမ္ဘာတဝှမ်း COVID-19 ကာကွယ်ဆေး ရနိုင်မယ့် ခြေလှမ်းတရပ်ပါ။ အလေးနက်ထား ပြောချင်တာက လိုအပ်တဲ့ ဦးစားပေး လူဦးရေ အကုန်ပြည့်မီအောင် ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားဖို့ လိုတယ်” လို့ WHO လက် ထောက်အကြီးအကဲ Mariangela Simao က ဆိုပါတယ်။
WHO ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ Pfizer-BioNTech ကာကွယ်ဆေးဟာ စိတ်ချရပြီး၊ ဘေးထွက်ဆိုးကျိုး နည်းတာကြောင့် ခွင့်ပြုခဲ့တာလို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်၊ ကနေဒါ၊ ကာတာ၊ ဘာရိန်းနဲ့ မက္ကဆီကို နိုင်ငံအပါအဝင် အများအပြားမှာ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။
လက်ရှိ အသုံးပြုနေကြပြီဖြစ်တဲ့ Pfizer-BioNTech ၉၆ ရာခိုင်နှုန်းနဲ့ Moderna ကာကွယ်ဆေးအကုန်လုံးဟာ ကနေဒါ၊ အမေရိကန်၊ ယူကေ အစရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကနေ ဝယ်ယူသွားခဲ့တာပါ။
“နိုင်ငံတော် တော်များများမှာလည်း ကာကွယ်ဆေးတွေ မြင်တွေ့လာရပါပြီ။ သူတို့ကိုယ်ပိုင် နည်းလမ်းပေါင်းစုံနဲ့ ဒီအခက်အခဲကို ဖြေရှင်းနေကြတာပါ။ နိုင်ငံအားလုံးအတူ ပူပေါင်းလုပ်ဆောင်မယ် ဆိုတာထက် တကိုယ်တည်း ကောင်းစားရေး လုပ်ကြတာများပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အတူပူးပေါင်းလုပ်ဆောင်မှုတွေ အားနည်းလာပါပြီ” လို့ Amnesty International ရဲ့ အကြီးအကဲ Stephen Cockburn က ပြောပါတယ်။
အာဖရိက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ အကြီးအကဲ John Nkengasong ကလည်း အာဖရိကနိုင်ငံတွေမှာ ၂၀၂၁ ခုနှစ် ဒုတိယ လေးလပတ်အထိ COVID-19 ကာကွယ်ဆေး ရနိုင်ဖို့ လမ်းမမြင်သေးဘူးလို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် Nkengasong က ကုလသမဂ္ဂကိုလည်း လူတိုင်းတန်းတူညီမျှ ကာကွယ်ဆေး ရရှိအောင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုတွေ လုပ်ဆောင်ကြဖို့ ပြောဆိုလိုက်ပါတယ်။ ကုလကျန်းမာရေး အေဂျင်စီကနေ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချို့တဲ့ နိုင်ငံတွေထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေးပို့နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ COVAX အစီအစဉ်လည်း ရှိပါတယ်။
WHO ကျောထောက်နောက်ခံ ပြုထားတဲ့ COVAX ပူးပေါင်းလုပ်ဆောင်ရေး စီမံချက်ကနေ ကာကွယ်ဆေးပေါင်း ၂ ဘီလီယံလောက်ထိ ၂၀၂၁ ခုနှစ်အစောပိုင်းကာလမှာ ဖြန့်ဝေနိုင်ဖို့ သဘောတူညီထားကြပါတယ်။ သဘောတူညီချက်ထဲမှာ စိတ်ချရတဲ့ Pfizer-BioNTech ကာကွယ်ဆေးနဲ့လည်း ပြောဆို ဆွေးနွေးထားပြီး ဖြစ်ပါတယ်။
Ref: Aljazeera
You may also like these stories:
မြန်မာနိုင်ငံတွင် ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်
အမေရိကန်မှာ ယူကေ COVID-19 အမျိုးအစားသစ် ကူးစက်မှု တွေ့ရှိ
COVID-19 အမျိုးအစားသစ် ယူကေ အပါအဝင် ၁၆ နိုင်ငံမှာ ကူးစက်ပျံ့နှံ့