ထိုင်းနိုင်ငံမှာ ယူကေမှ ပြန်လာသူ ၄ ဦးထံ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီးနောက် ဗြိတိန် ခရီးသွား ဝင်ရောက်မှုတွေကို ပိုမိုတင်းကျပ်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဗြိတိန်၊ ကန့်မြို့ကနေ ရောက်လာသူ မိသားစု ၄ ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားပြီး လက်ရှိမှာတော့ ပုဂ္ဂလိက ဆေးရုံတခုမှာ Quarantine ထားရှိထားတယ်လို့ ဆိုပါတယ်။
ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Opas Karnkawinpong က အဆိုပါ ကူးစက်ခံထားရသူ ၄ဦးနဲ့ အတူတူ ဒီဇင်ဘာ ၂၁ ရက်က လိုက်ပါလာခဲ့တဲ့ ခရီးသည်တွေကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးသွားဖို့ ဒီဇင်ဘာ ၃ ရက်က ပြောဆိုလိုက်ပါတယ်။
B117 လို့ခေါ်တဲ့ ယူကေနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်ဟာ မူလထက် ၇၀ရာခိုင်နှုန်း ကူးစက်မြန်တာကြောင့် နိုင်ငံအများအပြားမှာ ယူကေ လေကြောင်းခရီးစဉ်တွေကို ပိတ်သိမ်းထားရတယ်လို့ ချူလာ လောင်ကွန်းတက္ကသိုလ်မှ ရောဂါဗေဒပညာရှင် ဒေါက်တာ Yong Pooworavan က Facebook ပေါ်မှာ ရေးသားထားပါတယ်။
ပြည်တွင်းမှာ အရေးပေါ် သတိပေးချက်ထိ ထုတ်ပြန်ဖို့ မလိုအပ်သေးပေမယ့် အင်္ဂလန်ကလာမယ့်ခရီးသွားတွေကို အရင်ထက် ပိုမိုတင်းကျပ် လုပ်ဆောင်သင့်ကြောင်းနဲ့ အဆိုပါ မျိုးဗီဇကွဲ ကူးစက်မှုတွေကို စင်ကာပူ၊ ထိုင်ဝမ် စတဲ့ အာရှနိုင်ငံ တချို့မှာလည်း တွေ့ရှိထားတယ်လို့ ဒေါက်တာ Yong ကရေးသားထားပါတယ်။
လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂလိကဘက်ကနေလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တင်သွင်းခွင့်ပြုထားပြီး တင်သွင်းမယ့် ကာကွယ်ဆေး အမျိုးအစားတွေဟာအစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ် ကဲရေးဌာန (FDA) ရဲ့ ခွင့်ပြုချက် ပါရှိရမယ်လို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံမှာလည်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို တွေ့ရှိထားတယ်လို့ဇန်နဝါရီ ၂ ရက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဗြိတိန်ကနေ ပြန်လာသူ အသက် ၄၄ နှစ်အရွယ်အမျိုးသမီးထံမှာ ကူးစက်မြန် မျိုးဗီဇကွဲ ကူးစက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးဟာ ပြည်ပက ပြန်လာသူတွေ အတွက် သတ်မှတ်ထားတဲ့ Quarantine ဝင်နေပြီးဒီဇင်ဘာ ၂၄ ရက်မှာ COVID-19 ကူးစက်ထားကြောင်း တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံဟာ တင်းကျပ်တဲ့ Quarantine အစီအစဉ်တွေနဲ့ ခြေရာခံ စနစ်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ် ဟန့်တားနိုင်ခဲ့တာကြောင့် အာရှနိုင်ငံတွေထဲမှာ ပြည်တွင်းစီးပွားရေးကဏ္ဍ အမြန်ဆုံး ပြန်ကောင်းလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံထားရသူ ၁,၄၇၄ ဦးရှိပြီး၊ သေဆုံးသူကတော့ ၃၅ ဦးရှိပါတယ်။
Ref: Bangkok Post , The Straits Times