Coronavirus Update

အချုပ်သား ၁၆ ဦး ပိုးတွေ့သဖြင့် ဟင်္သာတ နယ်မြေရဲစခန်းကို Lockdown ချ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နယ်မြေရဲစခန်းတွင် ဇန်နဝါရီ ၃ ရက်နေ့က အချုပ်သား ၁၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့တွင် ကူးစက်မြန် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ရဲစခန်းကို အဝင်အထွက် ကန့်သတ်၍ Lockdown ချထားကြောင်း သတင်းရရှိသည်။

ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့ရဲစခန်းမှ အချုပ်သားတဦးအား ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဟင်္သာတနယ်မြေရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ပြီးနောက် အဆိုပါ အချုပ်သားမှာ ဖျားနာပြီး အနံ့ပျောက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက ဖျားနာနေသောအချုပ်သားအား စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေးဌာနက ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းနှင့်အချုပ်ခန်းတခုထဲတွင် အတူနေသူ အခြားသော အချုပ်သား ၁၅ ဦးနှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့တွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည် က “တလုတ္ထော်စခန်းက အချုပ်သားဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဟင်္သာတနယ်မြေစခန်းကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူက ဖျားပြီးအနံ့ ပျောက်လို့ စစ်ဆေးရာမှာ ပိုးတွေ့တာ ဖြစ်ပါတယ်။ စုစုပေါင်း အချုပ်သား ၁၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်ပိုးတွေ့ထားပါတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။

ဟင်္သာတနယ်မြေရဲစခန်းတွင် ထိမ်းသိမ်းထားသည့် အချုပ်သား ၂၂ ဦးရှိသည့်အနက် ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ စုစုပေါင်း ၁၆ ဦးထံ၌ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်အချုပ်သား ၆ ဦးတွင် ရောဂါပိုး မတွေ့ခဲ့ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ အချုပ်သား ၁၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့အား
တာဝန်ရှိသူများက ဟင်္သာတခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ရဲစခန်းအား ပိုးသတ်ဆေးဖြန်းကာ အသွားအလာ ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ဘိုကလေးမြို့မရဲစခန်းရှိ အချုပ်သား ၂၈ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကျန်းမာရေးဌာနက အချုပ်သားများကို ဆေးကုသမှု ဆောင်ရွက်နေရပြီး မြို့မရဲစခန်း၏ အချုပ်ခန်းကိုလည်း အသစ်တခု ထပ်မံတည်ဆောက်ခဲ့ရကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက “ပိုးတွေ့အချုပ်သားများလာတဲ့အတွက် ဆေးစစ်ပြီးသား အချုပ်သားအဟောင်းတွေကို မူလအချုပ်ကြီးမှာ ထားပါတယ်။ ထပ်ရောက်လာမယ့် အချုပ်သားသစ်တွေကို သီးသန့်ထားပြီး ဆေးစစ်မှုသေချာတော့မှ အချုပ်ဟောင်း အခန်းတွေမှာထားဖို့ အစီအစဉ်ဆွဲပြီးတော့ ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်မှူး ရုံးဟောင်းထဲမှာ အချုပ်ခန်းအသစ် အမြန်ဆောက်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလကစတင်၍ ကိုဗစ် – ၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၄ ရက်နေ့အထိ မအူပင်အကျဉ်းထောင်၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေးနှင့် ဟင်္သာတမြို့နယ်ရှိ ရဲစခန်းအချုပ်ခန်းများမှ အကျဉ်းသားနှင့် အချုပ်သားပေါင်း ၁၅၃ ဦးရှိကြောင်း သိရသည်။

Loading