ထိုင်းမှာ တကျော့ပြန် ကူးစက်မှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်
ထိုင်းနိုင်ငံမှာ တကျော့ပြန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတာကြောင့် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ထောင်ကျော် နေရပ်ပြန်လာကြပါတယ်။ ရွှေ့ပြောင်းလုပ်သား အများစု နေထိုင်ရာ ဆမွတ်ဆခွန်မှာ ကူးစက်မှုတွေ များလာတာကြောင့် ၁၀ ရက်အတွင်း ကမ္ဘောဒီယား ရွှေ့ပြောင်းလုပ်သား ၅,၀၀၀ ကျော် နေရပ် ပြန်သွားကြတာပါ။
နယ်စပ်ဖြတ်ကျော် နေရပ်ပြန် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ရာ မိသားစုဆီ ချက်ချင်း ပြန်ခွင့်မပေးထားဘဲ ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်ဖို့ ကမ္ဘောဒီးယားကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ကစလို့ နယ်စပ်ဖြတ်ကျော် ပြန်လာတဲ့ အလုပ်သမားတိုင်းဟာ မဖြစ်မနေ Quarantine ၁၄ ရက် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
၁၄ ရက် သီးခြားခွဲထားတဲ့ Quarantine စင်တာတွေကနေ ၂ ကြိမ်တိုင်စစ်ဆေးပြီး Negative အဖြေထွက်မှသာ အိမ်ပြန်ရမှာပါ။ ကမ္ဘောဒီးယားအနောက်မြောက်ပိုင်း Oddar Meanchey ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး Dy Rado က ဒီဇင်ဘာ ၂၀ ကနေ ဇန်နဝါရီ ၄ ရက်အတွင်း အဆိုပါပြည်နယ်ထဲကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁,၉၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
ဝင်ရောက်လာသူ အားလုံးကို ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး တယောက်မှ ကူးစက်ခံထားရခြင်း မရှိကြောင်း ပြောပါတယ်။ “ကျန်းမာရေးဌာနက လမ်းညွှန်ချက်တွေကို အတိအကျ လုပ်ဆောင်ပြီး နားလည် လက်ခံပေးဖို့ အရေးကြီးပါတယ်။ နယ်စပ်ကနေ ဝင်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေကို Quarantine ၁၄ ရက်ထားဖို့ စင်တာတွေလည်း ၁၄ ခုလောက် အဆင့်သင့် ပြင်ဆင်ပေးထားတယ်” လို့ Dy Rado က ဆိုပါတယ်။
နေရပ်ပြန် လုပ်သားတွေအတွက် Quarantine ဝင်စဉ် အစားအစာနဲ့ လိုအပ်မယ့် ထောက်ပံ့မှုတွေ လုပ်ဆောင် ပေးထားပါတယ်။ “ကျနော်တို့မှာ ရွှေ့ပြောင်းလုပ်သားတွေအတွက် ချပေးထားတဲ့ ထောက်ပံ့ငွေတွေ ရှိပါတယ်။ Quarantine မှာ တနေ့ ထမင်း ၃ နပ် ကျွေးမယ်၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အခင်းနဲ့ ဆပ်ပြာတွေလို လိုအပ်တာကအစ ပေးသွားမှာပါ” လို့ Dy Rado က ဆိုပါတယ်။
Oddar Meanchey ပြည်နယ်အပြင် Banteay Meanchey, Battambang, Preah Vihear ပြည်နယ်တွေကိုလည်း ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ကနေ နေရပ် ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား ကျန်းမာရေးဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁ ရက်နေ့က ပြန်လာတဲ့ အသက်၂၁ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သားဟာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို လက်ရှိမှာ Pailin Provincial Referral ဆေးရုံးမှာ ကုသပေးနေပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့အထိ ကမ္ဘောဒီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၃၈၂ ဦးရှိပြီး ၂၀ ဦး ဆေးရုံတက် ကုသမှု ခံယူနေပါတယ်။
Ref: The Phnom Penh Post
You may also like these stories:
ထိုင်းနဲ့ ဗီယက်နမ်မှာ ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ
အိန္ဒိယမှာ AstraZeneca နဲ့ ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေး ၂ မျိုးကို အတည်ပြု
ဘန်ကောက် အပါအဝင် ခရိုင် ၂၈ ခုမှာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်