ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုတွေကြောင့် အင်္ဂလန်နိုင်ငံမှာ ဇန်နဝါရီ ၄ ရက်ကစလို့ ဖေဖော်ဝါရီလလယ်ထိ တနိုင်ငံလုံး Lockdown ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကြေညာလိုက်ပါတယ်။ ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပေမယ့် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ကန့်သတ်လိုက်ရတာပါ။
COVID-19 ပထမလှိုင်း မတ်လက ထုတ်ပြန်ခဲ့ဖူးတဲ့ Lockdown ကန့်သတ်ချက်တွေအတိုင်း ပြည်သူတွေဟာ Stay at home နေထိုင်သွားရမှာဖြစ်တယ်လို့ ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။ လတ်တလော ပျံ့နှံ့နေတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်း ပြောဆိုထားတာပါ။

“ကျနော် ဒီည ပြောချင်တာကတော့ ဆေးရုံတွေမှာ ကိုဗစ်ဖြစ်ခါစ အချိန်နောက်ပိုင်း ဖိအားအများဆုံးဒဏ်ကို ခံနေရပါတယ်” လို့ တီဗီကနေ ထုတ်လွှင့်ပေးတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။ ဇန်နဝါရီ ၅ ရက်ကစလို့ အခြေခံကျောင်းတွေနဲ့ ကောလိပ်တွေကို ပိတ်သိမ်းသွားမှာ ဖြစ်သလို၊ တက္ကသိုလ်တွေကိုလည်း ဖေဖော်ဝါရီလလယ်ထိ ပိတ်သိမ်းထားမှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေကိုတော့ အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ်ကြဖို့နဲ့ လိုအပ်မှသာ အပြင်ထွက်ကြဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။ နေ့စဉ်သုံး ကုန်ပစ္စည်းဆိုင်တွေကလွဲလို့ ဆိုင်အားလုံး ပိတ်သိမ်းထားရမယ့်အပြင် တကိုယ်ရည်သုံး ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်တွေပါ ပိတ်ထားရမယ်လို့ သတ်မှတ်ထားပါတယ်။ စားသောက်ဆိုင်တွေကိုလည်း Takeaway သီးသန့်သာ ရောင်းချခွင့် ပြုထားပါတယ်။
ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ချက်အရ အင်္ဂလန်မှာ ၂၄ နာရီအတွင်း COVID-19 ဆေးရုံတက်လူနာ ၂၆,၆၂၆ ဦး ရှိတာကြောင့် ယခင်အပတ်ကထက် ၃၀ ရာခိုင်နှုန်း၊ ပထမလှိုင်းကထက် ၄၀ ရာခိုင်းနှုန်းမြင့်တက်လာတာလို့ ဆိုပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ နေရာတော်တော်များများကို ယခင်အပတ်တွေကတည်းက တင်းကျပ်တဲ့ စည်းမျည်းတွေ ချမှတ်ထားပြီး ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ မူလထက် ကူးစက်မှုနှုန်း ပိုမြန်တာကြောင့် ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်ဆောင်ထားရပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ဗြိတိန်မှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၅၀,၀၀၀ ကျော်နဲ့ ပထမဆုံး စံချိန်တင်ခဲ့ပါတယ်။ သေဆုံးနှုန်းကလည်း ၄၀၇ ဦးရှိပြီး စုစုပေါင်း ၇၅,၀၀၀ ကျော်သွားပြီဖြစ်လို့ ဥရောပနိုင်ငံတွေထဲမှာ သေဆုံးနှုန်းအမြင့်ဆုံးထဲ ပါဝင်နေပါတယ်။
အင်္ဂလန်နိုင်ငံအတွက် Lockdown မကြေညာခင် နာရီပိုင်းအလိုမှာ စကော့တလန်မှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ဇန်နဝါရီလကုန်ထိ Lockdown ချမှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယူကေ ကျန်းမာရေး တာဝန်ရှိသူတွေက Oxford-AstraZeneca ကာကွယ်ဆေး ထိုးနှံပေးမှု စတင်ချိန်မှာပဲ အင်္ဂလန်မှာ Lockdown ချမှတ်လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
လိုက်နာရမယ့် Lockdown စည်းကမ်းချက်တွေကို ဖောက်ဖျက်မယ်ဆိုရင် ဥပဒအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: AP
You may also like these stories:
ထိုင်းမှာ တကျော့ပြန် ကူးစက်မှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်
ထိုင်းနဲ့ ဗီယက်နမ်မှာ ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ