Coronavirus Update

အင်ဒိုနီးရှားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၃ ရက် စတင်မည်

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ COVID-19 ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၁၃ ရက်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ Sinovac ဇီဝနည်းပညာထုတ် ကာကွယ်ဆေးကို သမ္မတ ဂျိုကိုဝီဒိုဒိုက ပထမဆုံး ထိုးနှံပြသွားမှာပါ။

ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို မြို့တော် ဂျာကာတာကနေ စတင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Budi Guandi Sadikin က ဇန်နဝါရီ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ တခြားဒေသတွေမှာတော့ ဇန်နဝါရီ ၁၄ ရက်၊ ၁၅ ရက်တွေမှာ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုးနီးရှားဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အများဆုံး ခံစားနေရတာပါ။ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၇၇၉,၅၄၈ ဦးရှိပြီး သေဆုံး သူ ၂၃,၁၀၉ ဦးရှိပါတယ်။ ဒါ့အပြင် အာရှနိုင်ငံတွေထဲမှာ စတုတ္ထအများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၇,၄၄၅ ဦး ရှိပြီး၊ သေဆုံးသူ ၁၉၈ ဦးရှိတယ်လို့ Kompas သတင်းမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားအစိုးရက ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကို ရှေ့တန်းကနေ လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ၁ ဒသမ ၃ သန်းကို Sinovac ထုတ် CoronaVac ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုးနီးရှားနိုင်ငံဟာ CoronaVac ကာကွယ်ဆေး ၁၂၅ သန်းခွဲအတွက် သဘောတူညီထားပြီး ပထမသုတ်အဖြစ် ၃ သန်း စတင်ရောက်ရှိလာခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ လွန်ခဲ့တဲ့ သြဂုတ်လက စစ်တမ်းအရ အင်ဒိုနီးရှား ၂၇ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးဖို့ တုန့်ဆိုင်းနေကြတယ်လို့ ဖော်ပြထားပါတယ်။ အကြောင်းရင်းတွေထဲက အချက်တချက်ကတော့ ယုံကြည် ကိုးကွယ်မှုအရ ကာကွယ်ဆေးတွေဟာ စိတ်ချ ယုံကြည်မှုရှိရဲ့လားဆိုတဲ့ စိုးရွံ့မှုတွေ ရှိနေတာပါ။

ကာကွယ်ဆေးတွေထဲမှာ ဝက်သားနဲ့ ပတ်သက်ပြီး ကင်းလွတ်မှု ရှိ၊ မရှိ ဆိုတာတွေကိုလည်း စဉ်းစားနေပါတယ်။ လူဦးရေ ၂၇၃ သန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားမှာ ၈၇ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေဖြစ်လို့ ကာကွယ်ဆေးတွေမှာ ဘာသာရေးအရ စိတ်ချရတဲ့အချက်က ထည့်သွင်း စဉ်းစားစရာ ဖြစ်နေတာပါ။

အင်ဒိုနီးရှား အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (BPOM) ကနေ Sinova ထုတ် ကာကွယ်ဆေးရဲ့ အင်ဒိုနီးရှား၊ ဘရာဇီးနဲ့ တူရကီမှာ စမ်းသပ်ချက်တွေကို ကြည့်ပြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်ချက် ရလဒ်တွေအရ CoronaVac ကာကွယ်ဆေးဟာ ၉၁ ဒသမ၂၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ COVID-19 ကာကွယ်ဆေး လုံလောက်မယ့် ၃၂၉ သန်းစာအတွက် CoronaVac အပြင် Pfizer-BioNTech, Oxford-AstraZeneca ဆေးတွေကိုပါ မှာယူထားတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး Budi ရဲ့ ပြောကြားချက်အရ နိုင်ငံရဲ့လူဦးရေ ၆၇ ရာခိုင်နှုန်း (၁၈၁ ဒသမ ၅ သန်း) ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မှ ကာကွယ်ဖို့ လုံလောက်မယ့် ပမာဏ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

Ref: Aljazeera

You may also like these stories:

အင်္ဂလန်မှာ မျိုးဗီဇကွဲ ကူးစက်မှု မြင့်တက်လာတာကြောင့် တနိုင်ငံလုံး Lockdown ချ

နှာခေါင်းစည်း ဆက်ဝတ်ကြ

ထိုင်းမှာ တကျော့ပြန် ကူးစက်မှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading