Coronavirus Update

ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး ထိုးပြီးတဲ့နိုင်ငံ ဖြစ်လာတဲ့ Palau

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးဟာ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး ထိုးပြီးသွားတဲ့ နိုင်ငံ ဖြစ်လာပါတယ်။ လူဦးရေ သောင်းဂဏန်းသာရှိတဲ့ အဆိုပါ ကျွန်းနိုင်ငံငယ်လေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လုံးဝ မရှိသေးတဲ့ နိုင်ငံအဖြစ်လည်း ရပ်တည်နေတာပါ။

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း လွတ်လပ်သော နိုင်ငံတနိုင်ငံအဖြစ် သီးခြားရပ်တည်နေတဲ့ ပလောင်း သမ္မတနိုင်ငံ (Palau) မှာ နေထိုင်သူလူဦးရေ ၁၈,၀၀၀ ကျော်သာရှိပြီး အမေရိကန်ဆေးဝါး ကုမ္ပဏီထုတ် Moderna ကာကွယ်ဆေးကို ဇန်နဝါရီ ၃ ရက်နေ့က စတင်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂ ရက်မှာ ပထမအသုတ် ၂,၈၀၀ ရောက်လာခဲ့ပြီး နောက်တနေ့မှာပဲ ဆေးထိုးနှံရေးလုပ်ငန်းကို စတင်ခဲ့တယ်လို့ ပလောင်းကျန်းမာရေးဝန်ကြီးဌာနက Twitter စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးခဲ့ပြီး နောက်ထပ် ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ထိုးနှံပေးရမှာဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ပလောင်းသမ္မတနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသလို၊ သေဆုံးသူလည်း မရှိသေးတဲ့ နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး အာရှနဲ့ ပစိဖိတ်ဒေသတွေဆီ စတင်ကူးစက်လာချိန်ကတည်းက ပလောင်းကလည်း နယ်စပ် ဝင်ပေါက်တွေကို ကန့်သတ် ထိန်းချုပ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ မတ်လမှာတော့ နိုင်ငံတွင်းဝင်ခွင့်တွေ ပိတ်ပင်ခဲ့ပြီး ဧပြီလမှာ နိုင်ငံသားတွေကို ဗိုင်းရပ်စ် စတင် စစ်ဆေးပေးခဲ့ပါတယ်။ ပလောင်းကျွန်းစုနိုင်ငံဟာ ဧရိယာစတုရန်းမိုင် ၁၇၇ ( စတုရန်းကီလိုမီတာ ၄၅၉ ) အကျယ်အဝန်း ရှိပြီး အမေရိကန်နိုင်ငံရဲ့ အသေးဆုံး Rhode ကျွန်းထက်ပင် ၆ ဆလောက် သေးငယ်ပါတယ်။

“အမေရိကန် COVID-19 ကာကွယ်ဆေး အစုအပြုံ ထိုးနှံရေးအစီအစဉ် (Operation Warp Speed) မှာ ပါဝင်ခဲ့တဲ့အတွက် အရမ်းကံကောင်းပါတယ်။ ကျွန်းအရွယ်အစားက ငယ်တော့ ဆေးထိုးပေးတဲ့လုပ်ငန်းပိုင်းတွေ ပိုလွယ်သွားတယ်။ နိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်းလောက် ဆေးထိုးပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်” လို့ နိုင်ငံရဲ့ ကျန်းမာရေးဌာနရှိ အရာရှိ Ritter Udui က ဆိုပါတယ်။

ပလောင်းနိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေကို မေလမှာ အဆုံးသတ်နိုင်မယ်လို့ ရည်ရွယ်ထားပေမယ့် အမေရိကန်နိုင်ငံဘက်က ပေးပို့ ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး ကြန့်ကြာခဲ့ရင် အချိန်ပိုကြာသွားနိုင်တယ်လို့ Udui က ပြောပါတယ်။

ပထမဆုံး ကာကွယ်ဆေး ထိုးနှံခံရသူကတော့ အသက် ၆၀ အရွယ် Sylvia Osarch ဖြစ်ပါတယ်။ ပလောင်းနိုင်ငံမှာ ထိုးပေးမယ့် ကာကွယ်ဆေးကို Pfizer လို အပူချိန် အနုတ် ၇၀ ဒီဂရီလောက်မှာ သိမ်းထားနိုင်မယ့်စနစ် မရှိတာကြောင့် သာမန် ရေခဲသေတ္တာထဲမှာပဲ သိမ်ထားနိုင်တဲ့ Moderna ဆေးကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

အင်ဒိုနီးရှားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၃ ရက် စတင်မည်

အင်္ဂလန်မှာ မျိုးဗီဇကွဲ ကူးစက်မှု မြင့်တက်လာတာကြောင့် တနိုင်ငံလုံး Lockdown ချ

ထိုင်းမှာ တကျော့ပြန် ကူးစက်မှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်

Loading