တရုတ်နိုင်ငံ၊ ဟီဘေးပြည်နယ်မှာ ၅ လအတွင်း ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှု မြင့်တက်သွားတာကြောင့် Lockdown ချ ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။ တနေ့တည်း အတည်ပြုလူနာ ၅၀ ကျော် စံချိန်တင် ကူးစက်ခံရအပြီးမှာ ဟီဘေးပြည်နယ်၊ Shijiazhuang မြို့ကို Lockdown ချ ကန့်သတ်ပိတ်ပင်လိုက်တာပါ။
လူဦးရေ ၁၁ သန်းကျော် နေထိုင်တဲ့ Shijiazhuang မှာ Lockdown ကန့်သတ်ချက်တွေကြောင့် ခရီးသည်တင် ရထားပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်သလို၊ မြို့တော် ဘေဂျင်းနဲ့ ၁၈၆ မိုင် (၃၀၀ ကီလိုမီတာ) သာ ကွာဝေးတဲ့ Shijiazhuang မြို့ကြား ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေနဲ့ အဝေးပြေးကား ခရီးစဉ်တွေကိုပါ ရပ်နားလိုက်တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တရုတ်ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးမှာ ဇန်နဝါရီ ၅ ရက်က ၆၃ ဦး ကူးစက်ခံရပြီး လာမယ့်ရက် အနည်းငယ်အတွင်းမှာ ကူးစက်မှုတွေ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကူးစက်ခံရသူ ၆၃ ဦးထဲမှာ အယောက် ၄၀ ကတော့ ရောဂါလက္ခဏာ မပြသူတွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဟီဘေးပြည်နယ်၊ Shijiazhuang မြို့မှာ ကူးစက်ပျံ့နှံမှုတွေကို ထိန်းချုပ်နိုင်အောင် ဗိုင်းရပ်စ် စစ်ဆေးမှုတွေ အများအပြား လုပ်ဆောင်ပေးနေသလို၊ လူစုလူဝေး စုဝေးခွင့်တွေကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၅ ရက်က ကူးစက်မှု ၆၃ ခုထဲမှာ ဟီဘေးပြည်နယ်က ၅၁ ဦး ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။
စံချိန်တင် ပြည်တွင်းကူးစက်မှုတွေကြောင့် ပြည်နယ်ထဲကို ဝင်ရောက်လာမယ့် လမ်းကြောင်းတွေကို ပိတ်သိမ်းထားပါတယ်။ ကူးစက်မှုတွေ မတိုင်ခင်ကတည်းက ဟီဘေးပြည်နယ်ကို လာမယ့်သူတွေဟာ ၇၂ နာရီအတွင်း ဗိုင်းရပ်စ် ကင်းစင်ကြောင်း ပြသရမယ်လို့ ထုတ်ပြန်ထားတာပါ။
တရုတ်နိုင်ငံမှာ COVID-19 ကူးစက်မှု ၆၃ ခု ရှိခဲ့တာဟာ အရင်ရက်က ၃၂ ခုထက်စာရင် ရက်ပိုင်းအတွင်း မြင့်တက်လာတာဖြစ်ပြီး ဇူလိုင်လက နေ့စဉ်ကူးစက်မှု ၁၂၇ ခု နောက်ပိုင်း ၅ လအတွင်း စံချိန်တင် ပြန်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာ မပြဘဲ ကူးစက်သူ အရေအတွက်ကလည်း ယခင် ၆၄ ဦးကနေ ၇၉ ဦးထိ တိုးလာပါတယ်။ တရားဝင်ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်ကတည်းက လက်ရှိထိ ကူးစက် ခံရသူပေါင်း ၈၇,၂၇၈ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Liaoning ပြည်နယ်၊ Dalian မှာလည်း ပြည်တွင်း ကူးစက်မှုတချို့ တွေ့ရတာကြောင့် ဒေသတွင်း နေထိုင်သူတွေကို မလိုအပ်ဘဲ တခြားဒေသတွေကို ခရီးမထွက်ကြဖို့ ပြောကြားထားပါတယ်။ Guangdong ပြည်နယ် တာဝန်ရှိသူတွေကလည်း ဇန်နဝါရီ ၆ ရက်က တောင်အာဖရိကမှာ တွေ့ရတဲ့ ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: Reuters