ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့က ဖမ်းမိခဲ့သည့် အထောက်အထားမဲ့ဝင်လာသူ ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရကြောင်း ရွှေပြည်သာမြို့နယ်၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောသည်။
ဒေါက်တာမြတ်မြတ်နှင်းက “ဒီနေ့ RDT Test Kit နဲ့ ပဏာမစစ်လိုက်တဲ့ဆီမှာ ၅ ဦးမှာပိုးတွေ့ရှိခဲ့တာပေါ့၊ ကျန်တဲ့ သူတွေကတော့ ကျန်းမာရေး အခြေအနေကောင်းပါတယ်၊ နောက် ၃ ရက်လောက်ကျရင် နောက်တကြိမ်ထပ်ပြီး စစ်ဖို့ကိုတော့ တိုင်းကျန်းမာရေးဦးစီးဌာနကို တင်ပြပြီးဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့အားလုံးအား ရွှေပြည်သာမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ် Quarantine စင်တာတွင် ကန့်သတ် ထားရှိထားပြီး ပိုးတွေ့ရှိသူများကိုလည်း သီးသန့်နေရာတွင် ခွဲထားကြောင်း သိရသည်။
ယမန်နေ့ မနက် ၆ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်တွင် မင်္သာကာဖွယ်လူတဦးအား တွေ့ရှိရာမှ စစ်ဆေးရာတွင် ရခိုင်ပြည်နယ်၊ မြင်းပြားမြို့နယ်မှ လာရောက်သူဖြစ်ကြောင်း သိရှိရပြီး ဆက်လက်စစ်ဆေးရာမှ ကျန်ရှိနေသူများအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ ဆက်စပ်ဖော်ထုတ်မှုအရ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တို့ရှိ နေအိမ် တလုံးစီတွင် အထောက်အထားမဲ့ ရောက်ရှိနေသူ ၉၈ ဦးအား ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိထားသည့် အထောက်ထားမဲ့ ၉၉ ဦးအား ကျန်းမာရေး သွားရောက် စစ်ဆေးရာတွင် ပါဝင်ခဲ့သူ တဦးက “သူတို့က မြန်မာစကားမပြောတတ်တော့ စကားပြန်တွေ ဘာတွေရှာပြီးမေးရတယ်။ အဲ့တော့ နာမည်တွေ ရဖို့ကြာတာပေါ့” ဟု ဧရာဝတီသို့ပြောသည်။
၎င်းတို့အား ဖမ်းမိမှုနှင့် ပတ်သက်၍လည်း ခေါ်ဆောင်လာသူ ၄ ဦးအား အမှုဖွင့်ထားပြီး ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထွက်ခွာလာခဲ့ကြခြင်းဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့၏ ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။
ယခုလ ၄ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာတွင် တပ်မတော် (ရေ) စစ်ရေယာဉ် လုံခြုံရေးတပ်ဖွဲ့များက မသင်္ကာဖွယ် စက်လှေတစင်း ဝင်ရောက်ကြောင်း သတင်းရ၍ နယ်မြေ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး သွားရောက် စစ်ဆေးခဲ့ရာ လှေလုပ်သား ၄ ဦးနှင့် အတူ အထောက်ထားမဲ့ ၇ ဦးအား ဖမ်းဆီးရမိခဲ့သေးသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လာသည် ဆိုသည့် အထောက်အထားမဲ့ မွတ်ဆလင် ၁၉ ဦးကို ဖမ်းဆီးမိခဲ့ရာ ၇ ဦးတွင် ကိုဗစ်-၁၉ ပိုးကူးစက် ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းအဆင့်မြင့် အုပ်ချုပ်ရေး အရာရှိတဦးပြောကြားချက်အား ကိုးကား၍ ထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါ အဆင့်မြင့် အရာရှိက “ပြည်သူတွေပေးတဲ့သတင်းကြောင့် အခုချိန်အထိ တရားမဝင် ၁၉ ဦး ဖမ်းမိပြီး သူတို့ကို ကိုဗစ်ကူးစက်မှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်။ သူတို့ထဲက ၇ ယောက်မှာ ကိုဗစ် ကူးစက်ထားကြောင်း တွေ့ရပြီး ကျန်တဲ့ ၁၂ ယောက်ကိုလည်း သီးခြားခွဲထားပြီး အနီးကပ် စောင့်ကြည့်နေပါတယ်။ ၁၄ ရက်ကြာ သီးခြားခွဲထားပြီးရင် သူတို့ကို ထပ်မံစစ်ဆေးပြီး ရလဒ်ကို အတည်ပြုမှာဖြစ်ပါတယ်” ဟု ပြောကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ထိုင်း PBS သတင်းတွင် ၎င်းတို့သည် တာ့ခ် ခရိုင် မဲဆောက်နယ်စပ်ကို ဖြတ်ကျော်ရန် တဦးလျှင် ဘတ် ၆၀၀၀ ပေးရကြောင်း ဖမ်းဆီးခံရသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
ထို့အပြင် တောင်ပိုင်းနယ်စပ်တွင် မှောင်ခိုဝင်ရောက်သည့် လမ်းကြောင်းလေးခု ရှိပြီး ရနောင်းတွင် တောလမ်း ၁၀၀ ကျော်ရှိသဖြင့် အထောက် အမထားမဲ့ မွတ်ဆလင်များကို တရားမဝင် လမ်းကြောင်းများမှ တဆင့် လူကုန်ကူးသူများက ပို့ဆောင်နေကြသည်ဟု ဆိုသည်။
You may also like these stories:
လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ
ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို