ထိုင်းနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ဖေဖော်ဝါရီလအတွင်း စတင်တော့မယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။ အဆင့် ၃ ဆင့် သတ်မှတ်ထားပြီး ပထမအဆင့်အဖြစ် ဖေဖော်ဝါရီနဲ့ ဧပြီလတွင်းမှာ ဦးစားပေး လူဦးရေ ၁ သန်းကို စတင်ထိုးနှံပေးသွားမှာပါ။
ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ Opas Karnkawinpong က COVID-19 ကူးစက်မှနဲ့ သေဆုံးမှုနှုန်း လျော့ကျသွားအောင် လူဦးရေ ၁ သန်းအတွက် ကာကွယ်ဆေး ၂ သန်း ပထမအဆင့်မှာ ထိုးနှံပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ကာကွယ်ဆေး ၂ သန်းကို ဖေဖော်ဝါရီနဲ့ ဧပြီလတွင်း ကျန်းမာရေးဝန်ထမ်း ၈၀,၀၀၀၊ ရောဂါထိန်းချုပ်ရေးဝန်ထမ်း ၂၀,၀၀၀ နဲ့ အသက် ၆၀ နဲ့အထက် နာတာရှည်ရောဂါရှိသူ ၉၀၀,၀၀၀ ကို စတင်ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်။
ပထမအဆင့် ထိုးနှံပေးမယ့်သူတွေဟာ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် အမြင့်ဆုံးအဆင့် ထိန်းချုပ်ရေးဇုံတွေဖြစ်တဲ့ ဆမွတ်ဆခွန်၊ ချွန်ဘူရီ၊ Rayong၊ ချန်သာဘူရီနဲ့ ထရတ်မှာ နေထိုင်သူတွေကို ထိုးပေးသွားမှာပါ။ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေထဲမှာဆိုရင် နာတာရှည် နှလုံးရောဂါ၊ လေဖြတ်၊ ဆီးချို၊ ကင်ဆာ အစရှိသူတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေထဲကမှ COVID-19 ကူးစက်လူနာနဲ့ အနီးကပ် ထိတွေ့နေရသူတွေကို ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်သလို၊ နယ်စပ် စစ်ဆေးရေးဂိတ်တွေနဲ့ ရောဂါထိန်းချုပ်ရေး ဧရိယာတဝိုက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း ပထမအဆင့်မှာတင် ထိုးနှံပေးသွားမှာပါ။
ကာကွယ်ဆေး ထိုးနှံရေး ဒုတိယအဆင့်မှာတော့ လူဦးရေ ၂၆ သန်းကို မေလနဲ့ ဇွန်လတွင်း ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်။ တတိယအဆင့်ကိုတော့ ၂၀၂၁ ခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ လူထုအတွင်း ကာကွယ်နိုင်သွားပြီဖြစ်တဲ့ ပမာဏထိ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
လူတဦးလျှင် ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး၊ ပထမတကြိမ်ပြီး နောက်ထပ် ၄ ပတ်အကြာမှာ ဒုတိယတကြိမ် ထပ်မံထိုးနှံရမှာပါ။ ဆေးစွမ်းအာနိသင်ကိုတော့ ၁ လကနေ ၂ လလောက်မှာ ပြသလိမ့်မယ်လို့ ဒေါက်တာ Opas က ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ ခရိုင် ၅၆ ခုမှာ COVID-19 တကျော့ပြန် ကူးစက်မှုတွေ ပျံ့နှံ့နေပြီး ဒုတိယလှိုင်း စတင်ရာ ဒီဇင်ဘာ ၁၅ ရက်ကနေ လက်ရှိအချိန်ထိ ကူးစက်လူနာ အသစ် ၅,၃၈၁ ဦး တိုးလာတယ်လို့ ဆိုပါတယ်။ အများဆုံး ကူးစက်ခံထားရတဲ့ ဆမွတ်ဆခွန်က ၂,၉၀၅ ဦး၊ ချွန်ဘူရီ၊ ချန်သာဘူရီနဲ့ ထရတ်ခရိုင်တွေက ၁,၅၂၃ ဦးနဲ့ ဘန်ကောက်မြို့တော်က ၄၇၃ ဦး ကူးစက်ခံထားရတာပါ။
Ref: Bangkok Post