ယူကေမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ထိုင်ဝမ်နိုင်ငံမှာ ၅ ဦးမြောက် ထပ်မံ ကူးစက်ခံရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်ဟာ အရှေ့အာရှနိုင်ငံတွေထဲမှာ ယူကေဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်မှာ ဗြိတိန်ကနေ ပညာသင်ကြားပြီး ပြန်ရောက်လာတဲ့ ဆယ်ကျော်သက် ယောက်ျားလေးတဦးထံ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရတယ်လို့ ဒီဇင်ဘာ ၃၀ ရက်က ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့တာပါ။ ဒုတိယတဦးကတော့ အသက် ၂၀ ကျော်အရွယ် ဒီဇင်ဘာ ၂၂ ရက်မှာ ဗြိတိန်က ပြန်ရောက်ပြီး ဖျားနာတာကြောင့် ဆေးစစ်ရာ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၃၁ ရက်မှာ ထပ်မံထုတ်ပြန်ခဲ့တာပါ။
Central Epidemic Command Center (CECC) ကနေ ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုကို တွေ့ရှိကြောင်း ပထမဆုံးအကြိမ် အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် ၅ ဦးမြောက် ကူးစက်ခံရသူ တွေ့ရှိကြောင်း ထုတ်ပြန်လာတာပါ။
ဒီဇင်ဘာ ၃၀ ရက်မှာ ထိုင်ဝမ်ကို ရောက်လာသူ အသက် ၃၀ အရွယ် ဗြိတိန်လူမျိုးတဦးထံ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း CECC က ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ သတ်မှတ်ထားတဲ့ Quarantine ကာလ နေထိုင်နေစဉ် ဆေးစစ်မှုအဖြေ ရလဒ်အရ အတည်ပြုလူနာ ဖြစ်လာခဲ့ပါတယ်။
မျိုးကွဲသစ် ကူးစက်ခံထားရသူ ၅ ဦးထဲမှာ အသက် ၇၀ ကျော်အရွယ် ဗြိတိန်နိုင်ငံသားတဦးသာ ပြင်းထန် လက္ခဏာတွေ ပြနေပြီး ကျန် ၄ ဦးကတော့ အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ယူကေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျိုးကွဲသစ် ကူးစက်မှုကို ကာကွယ်ရေးအတွက် ထိုင်ဝမ်ဟာ ယူကေက လာသူ (သို့မဟုတ်) ယူကေမှာ ၂ ပတ်အတွင်း နေထိုင်ခဲ့သူအားလုံး အစိုးရက သတ်မှတ်ပေးထားတဲ့ Quarantine စင်တာတွေမှာ ၂ ပတ် မဖြစ်မနေ နေထိုင်ရမယ် လို့ ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒါ့အပြင် CECC ဟာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်ကြား ယူကေက ပြန်ဝင်ရောက်လာသူ အားလုံးကိုလည်း ဆေးစစ်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ ၂၁၂ ဦး ဆေးစစ်ခဲ့ရာမှာ ၂၁၀ ဦး Negative အဖြေထွက်ထားပြီး ၂ ဦးကတော့ ဆေးစစ်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။
ထိုင်ဝမ်ကို လာရောက်မယ့် နိုင်ငံခြားသား ဧည့်သည်တွေဟာ အစိုးရ Quarantine စင်တာတွေမှာ ၁၄ ရက် နေထိုင်ဖို့အတွက် တည်ခိုးမယ့် အခန်းကို ဇန်နဝါရီ ၈ ရက်ကစလို့ ကြိုတင် စာရင်းပေးထားနိုင်ကြောင်း CECC က ပြောကြားလိုက်ပါတယ်။
ယခင် တညကို ထိုင်ဝမ်ဒေါ်လာ ၃,၀၀၀ အစား ယခု ထိုင်ဝမ်ဒေါ်လာ ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၇၀) ကျသင့်မှာဖြစ်ပြီး အခန်းပေါင်း ၁,၅၀၀ နဲ့ ၂,၀၀၀ ကြား လစ်လပ်နေသေးတယ်လို့ ဆိုပါတယ်။ လူကြီးနဲ့အတူ ပါလာမယ့် အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကိုတော့ အခမဲ့ ပေးနေသွားမှာ ဖြစ်ပါတယ်။
Ref: Focus Taiwan
You may also like these stories:
ထိုင်းမှာ COVID-19 ကာကွယ်ဆေး ဖေဖော်ဝါရီတွင် စတင်ထိုးနှံမည်
တိုကျိုနဲ့ အနီးဝန်းကျင် ၃ နေရာကို အရေးပေါ်အခြေအနေ ကြေညာ
စင်ကာပူ ပြည်တွင်းမှာ ကူးစက်မြန် B117 ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ရှိ