အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ချိန်ကစလို့ ပထမဆုံးအကြိမ် COVID-19 ကြောင့် တနေ့တည်း လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ ကပ်ရောဂါကြီးကြောင့် အမေရိကန် ကျန်းမာရေးပိုင်းဟာ ကူးစက်လူနာနဲ့ သေဆုံးသူ အရေအတွက်ကို ကြိုးစားထိန်းချုပ်နေရဆဲ အခြေအနေမှာ ရှိနေဆဲပါ။
ကိုဗစ် အချက်အလက် ခြေရာခံ လုပ်ငန်းတွေအရ ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄,၀၃၃ ဦးနဲ့ ပထမဆုံးအကြိမ် စံချိန်တင်သွားခဲ့ပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ သန်း ၃၃၀ ရှိတဲ့ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃၇၅,၀၀၀ နီးပါး ရှိသွားပါပြီ။
ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ချက်တွေအရ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာအသစ် ၂၆၆,၀၀၀ ကျော် တိုးလာတာကြောင့် စုစုပေါင်း ကူးစက်သူ အရေအတွက် ၂၂ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုနှုန်းရော၊ သေဆုံးနှုန်းပါ အမြင့်ဆုံးနိုင်ငံပါ။
ပြည်နယ်တွေထဲမှာ ကူးစက်နှုန်း အရေအတွက် မြင့်တက်လာတဲ့ ကယ်လိုဖိုးနီးယားပြည်နယ်၊ အထူးသဖြင့် လော့စ်အိန်ဂျလိစ် ကောင်တီမှာ ဆေးစစ် ရလဒ်ထဲက ၂၀ ရာခိုင်နှုန်းကျော်ဟာ ကူးစက်ခံထားရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်မှာ အရေးပေါ်ကုသရေးနေရာ အခက်အခဲ ရှိလာတာကြောင့် ဇန်နဝါရီ ၇ ရက်မှာပဲ ပြည်နယ်ကို တစိတ်တဒေသ Lockdown ကန့်သတ်လိုက်တယ်လို့ ကြေညာပါတယ်။
ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ကလည်း ဇန်နဝါရီလကုန်ပိုင်းအထိ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ တပတ်ကို ပျမ်းမျှ ၁၂,၉၀၀ ကနေ ၂၄,၉၀၀ ကြား ရှိလာနိုင်ပြီး စုစုပေါင်း ၄၀၅,၀၀၀ ကနေ ၄၃၈,၀၀၀ ထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ ကမ္ဘာတဝှမ်း နိုင်ငံတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာကို တွေ့ကြုံ ခံစားနေရပေမယ့် ဘယ်နိုင်ငံကမှ အမေရိကန်ကို ဖြတ်ကျော်ပြီး သေဆုံးသူ အရေအတွက် များလာနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်ခံလူနာပေါင်း ၁၀ ဒသမ ၅ သန်းနီးပါး၊ ဘရားဇီးနိုင်ငံမှာ ၁၀ သန်းနီးပါး ကူးစက်ခံထားရပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နိုင်ငံအများအပြားမှာ မြင့်တက်လာတဲ့ COVID-19 ကူးစက်လူနာ အရေအတွက်ကို တရားဝင် မထုတ်ပြန်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
Ref: Aljazeera
You may also like these stories:
ထိုင်ဝမ်မှာ ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ၅ ဦးမြောက် ကူးစက်ထားသူ တွေ့ရှိ
ထိုင်းမှာ COVID-19 ကာကွယ်ဆေး ဖေဖော်ဝါရီတွင် စတင်ထိုးနှံမည်
ဗီဇပြောင်းပိုးကတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားကြောင့် အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်