Coronavirus Update

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖေဖော်ဝါရီ ရောက်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် အိန္ဒိယမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀ မှာယူထားပြီးဖြစ်ကြောင်းနှင့် ထိုဆေးများသည် ဖေဖေါ်ဝါရီလတွင် ရောက်ရှိမည်ဖြစ်ကြောင်း သမ္မတရုံး၏ သောကြာနေ့ကပြောကြားချက်အရ သိရသည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် Serum Institute of India သည် အောက်စဖို့ဒ် တက္ကသိုလ်နှင့် AstraZeneca တို့ပူးပေါင်းထုတ်လုပ်သည့် Covishield ကာကွယ်ဆေးကို ထုတ်လုပ်နေသည်။

အစိုးရသည် ထိုမှာယူထားသော ကာကွယ်ဆေးအတွက် ကုန်ကျစရိတ် ထက်ဝက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅ သန်း (ကျပ် ၁၀၀ ဘီလျံ) ကို ကနဦးပေးချေရန် စီစဉ်နေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

ထိုကာကွယ်ဆေးသည် အပူချိန် ၂ မှ ၈ ဒီဂရီအတွင်း သိုလှောင်ထားနိုင်ပြီး မြန်မာ၏ရာသီဥတုအတွက် သင့်တော်သောကြောင့် အစိုးရက ထိုဆေးကို ရွေးချယ်ခြင်းဖြစ်ကြောင်း သူပြောသည်။

ကိုဗစ်-၁၉ ကုသရာတွင် ရှေတန်းမှ ဆောင်ရွက်နေသော ကျန်းမာရေးလုပ်သားများကို ဦးစားပေးပြီး ကာကွယ်ဆေး ထိုးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောသည်။

မြန်မာနိုင်ငံတွင် ဆေးဝန်ထမ်းပေါင်း တသိန်းတသောင်းကျော်ရှိသည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ကာကွယ်ဆေးများကိုလည်း သံတမန်လမ်းကြောင်းမှ ဝယ်ယူရန်ကြိုးစားနေသည်။

အစိုးရအနေဖြင့် ကာကွယ်ဆေးများ ဝယ်ယူရေးအတွက် ပြည်သူများနှင့် အဖွဲ့အစည်းများအနေဖြင့် လှူဒါန်းကြရန် အစိုးရက အင်္ဂါနေ့က ဖိတ်ခေါ်ထားသည်။

ကာကွယ်ဆေး ဝယ်ယူရန် ဒေါ်လာသန်း ၂၅၀ (ကျပ် ၃၃၂ ဘီလျံ) နှင့် တဘီလျံကျပ် (ဒေါ်လာ ၇၅၀၀၀၀) ရှိသော နိုင်ငံတော် ငွေစာရင်းနှစ်ခုကို အသုံးပြုနေကြောင်း စီမံကိန်း၊ဘာဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာနကပြောသည်။

ထိုငွေစာရင်းများသို့ ပြည်တွင်းပြည်ပမှ မည်သူမဆို နိုင်ငံခြားငွေနှင့် ကျပ်ငွေများ လှူဒါန်းနိုင်ကြောင်း အထက်ပါ ဝန်ကြီးဌာနက ဆိုသည်။

ဝန်ကြီးဌာန၏ ဖိတ်ခေါ်မှုအပြီးတွင် မြန်မာနိုင်ငံတွင် အကြီးမားဆုံး လုပ်ငန်းစုများအနက် တခုဖြစ်သော အီဒင်အုပ်စု ဥက္ကဌ ဦးချစ်ခိုင်က ဒေါ်လာ ၁.၅ သန်း (ကျပ် ၁.၉ ဘီလျံ) လှူသည်။

အခြားစီးပွားရေးလုပ်ငန်း အကြီးအကဲဖြစ်သူ ဧရာဝတီ ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေးအတွက် ကျပ် နှစ်ဘီလျံ (ဒေါ်လာ ၁.၅ သန်း) လှူသည်။ ဦးဇော်ဇော်သည် နိုင်ငံ၏ ကိုဗစ်-၁၉ တားဆီးကာကွယ်ကုသရေး အစီအမံများအတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်းထားခဲ့ပြီးဖြစ်သည်။

ကြာသပတေးနေ့တွင် မြန်မာ့တပ်မတော်က ကာကွယ်ဆေးအတွက် ကျပ် တဘီလျံ (ဒေါ်လာ ၇၃၅၀၀၀) လှူသည်။

ဒေါ်အောင်ဆန်းစုကြည် ထူထောင်ထားသော ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ကျပ် ၁၀ သန်း (ဒေါ်လာ ၇၅၀၀) လှူဒါန်းရန် စီစဉ်ထားပြီး ပြည်သူများထံမှ အလှူငွေများ လက်ခံနေသည်။

အစိုးရသည် အလှူရှင် ၁၁၇ ဦးထံမှ ကျပ် ၁.၃ ဘီလျံ ( ဒေါ်လာ ၉၈၀၀၀၀) နှင့် အခြားအလှူရှင် ငါး ဦးထံမှ ဒေါ်လာ ၂.၅ သန်းကို စတင်ဖိတ်ကြားပြီး ၄၈ နာရီအတွင်း ရရှိထားကြောင်း သမ္မတရုံးကပြောသည်.

စနေနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၂၈၂၆ မှုနှင့် ပြန်လည်ကောင်းမွန်မှု ၁၁၃၅၅၀ မှု အပါအဝင် ကူးစက်မှုပေါင်း ၁၃၀၀၄၉ မှုရှိသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာနေသည်။ နေ့စဉ် ကူးစက်မှုသစ် ၁၀၀၀ အောက်တွင်ရှိပြီး အဆိုးရွားဆုံးအချိန်က တနေ့တည်း ကူးစက်မှုသစ် ၁၄၀၀ ကျော်အထိရှိသည်။

ရောဂါကူးစက်မှုများကို တနိုင်ငံလုံးရှိ မြို့နယ် ၃၀၀ တွင်တွေ့ရသည်။

You may also like these stories:

နှာခေါင်းစည်း ဆက်ဝတ်ကြ

ဗီဇပြောင်းပိုးကတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားကြောင့် အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်

တရုတ် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိရသမျှ

အိန္ဒိယက အာရှအတွက် ဈေးသက်သာသော ကိုဗစ်ကာကွယ်ဆေးများ ရောင်းချမည်

Did you find apk for android? You can find new Free Android Games and apps.
Loading