ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ အိန္ဒိယနိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ထဲက သန်း ၃၀၀ ကို ပထမ ဦးစားပေး ထိုးနှံမှုတွေ စတင်မှာပါ။
ပထမဆုံးအကြိမ် ထိုးနှံပေးသွားရမယ့် အရေအတွက်ဟာ အမေရိကန် တနိုင်ငံစာ နီးပါးရှိတဲ့ လူဦးရေကို ဇူလိုင်လမတိုင်မီ ပြီးစီးနိုင်ရေး ရည်ရွယ်ထားတယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဆိုပါတယ်။
စတင် ထိုးနှံပေးမယ့်ထဲမှာ သန်း ၃၀ က ကျန်းမာရေးဝန်ထမ်းတွေနဲ့ COVID-19 တိုက်ဖျက်ရေးမှာ ရှေ့ဆုံးက ကူညီဆောင်ရွက်နေသူတွေ ဖြစ်ပြီး၊ ကျန် သန်း ၂၇၀ ကတော့ အသက် ၅၀ နဲ့ အထက် ဒါမှမဟုတ် မကျန်းမာသူတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်အတွက် ဝန်ထမ်း ၁၅၀,၀၀၀ နီးပါးကို ခရိုင် ၇၀၀ မှာ လက်တွေ့စမ်းသပ် လေ့ကျင့်မှုတွေ လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးနှံရေးကတော့ ယခင် ထိုးပေးနေကျ ကလေးငယ်တွေအတွက် ကာကွယ်ဆေး ထိုးနှံရေးနဲ့ မတူဘဲ စိန်ခေါ် မှုတွေ များတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
COVID-19 ကာကွယ်ဆေးအတွက် ခွင့်ပြုပေးထားတဲ့ ဆေး ၂ မျိုးလုံးဟာ စိတ်ချရမှု ရှိပြီး လေ့လာချက်တွေအရ ထိရောက်မှုရှိတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ပြည်တွင်း Serum Institute of India ကနေ ထုတ်လုပ်မယ့် Oxford-AstraZeneca နဲ့ ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေးတွေဟာ ပုံမှန်ရေခဲသေတ္တာ အအေးချိန်မှာပဲ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးအတွက် နိုင်ငံတဝှမ်းကို အပူချိန် ထိန်းသိမ်းထားနိုင်မယ့် ဗန်ကားတွေနဲ့ ပို့ဆောင် ဖြန့်ဖြူးပေးသွားမှာဖြစ်သလို၊ သိုလှောင်ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ အအေးဘူးတွေ ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အကြိုအဖြစ် ဥတာပရာဒက်ရှ်ပြည်နယ်မှာ နွေရာသီအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးကို အိတ်ဆောင်အအေးဘူး လွယ်ပြီး စက်ဘီးနဲ့ သယ်ဆယ်သွားနိုင်အောင် လေ့ကျင့် ပြင်ဆင်ပေးထားပါတယ်။
ဆောင်းရာသီ အအေးဒဏ်ကို အမြင့်ဆုံး အံတုနေရတဲ့ ကက်ရှ်မီးယားပြည်နယ်ရှိ ဦးစားပေးအဆင့် ပါဝင်သူတွေအတွက်လည်း ကာကွယ်ဆေးတွေကို ယခင်အပတ်က ကြိုတင်ပြင်ဆင်ပြီးသွားပြီလို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
လတ်တလော ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အိန္ဒိယနိုင်ငံရှိ ၆၉ ရာခိုင်နှုန်းက COVID-19 ကာကွယ် ဆေးထိုးနှံရေး အဆောတလျင် မလိုအပ်ဘူးလို့ ဆန္ဒ ရှိပါတယ်။ Serum Institute ကနေ ထုတ်မယ့် AstraZeneca ကာကွယ်ဆေးကို ရူပီး ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄) နဲ့ လက်လီ ရောင်းချသွားဖို့ အစီအစဉ် ရှိတာကြောင့် ချမ်းသာကြွယ်ဝသူတွေ လက်ဦးမှု ယူသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
“ချမ်းသာတဲ့သူတွေက အရင် ကာကွယ်ဆေး ဝယ်ထိုးနေချိန်မှာ ကျနော်တို့လို ဆင်းရဲသား အခြေခံ လူတန်းစားတွေက ကာကွယ်ဆေးရဖို့ အချိန်အကြာကြီး စောင့်နေရလိမ့်မယ်” လို့ ဘီဟာပြည်နယ်အရှေ့ပိုင်း ပက်နာမှာနေတဲ့ လန်ချားသမား Suresh Paswan က ဆိုပါတယ်။
အိန္ဒိယနိုင်ငံသား ၁၅၀,၀၀၀ ကျော်ဟာ COVID-19 ကြောင့် သေဆုံးခဲ့ရပြီး ကူးစက်ခံရသူပေါင်း ၁၀ သန်း ကျော်လွန်နေပါပြီ။ စီးပွားရေးကဏ္ဍမှာလည်း အဆိုးဆုံး ကျဆင်းတဲ့ ဒဏ်ကို ရိုက်ခတ်ခံနေရပါတယ်။
Ref: Aljazeera