မြန်မာဘက်ခြမ်း မြဝတီမြို့နယ်အတွင်းရှိ ကာစီနိုများတွင် လုပ်ကိုင်ခဲ့သည့် ထိုင်းနိုင်ငံသားများထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုများ ကြောင့် မဲဆောက်မြို့တွင် ယာယီဆေးရုံတခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဒီဇင်ဘာ ၁၀ ရက်က ရေးသား ဖော်ပြခဲ့သည်။
ကာစီနိုများ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၁၂၀ ကို ၃ သုတ်ခွဲကာ မဲဆောက်မြို့သို့ ပြန်လည် ပို့ဆောင်ရာ ဒီဇင်ဘာ ၇ ရက်က မဲဆောက်မြို့သို့ ပြန်လည် ဝင်ရောက်လာသည့် ၄၀ ဦးထဲမှ ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့မှာ မဲဆောက်မြို့တဖက်ကမ်း မြဝတီမြို့ရှိ Sky Complex ကာစီနိုတွင် လုပ်ကိုင် ခဲ့ကြသူများ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြဝတီမြို့ရှိ ကာစီနိုလောင်းကစားရုံများတွင် ထိုင်းနိုင်ငံသား ရာနဲ့ချီလုပ်ကိုင်နေကြောင်းလည်း ထိုင်းနိုင်ငံတာဝန်ရှိသူများ က ခန့်မှန်းထားပြီး ရောဂါ ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Opas KanKawinpong က “အဲဒီမှာ ထိုင်းနိုင်ငံသား ရာချီ အလုပ် လုပ်နေတယ်လို့ ကျနော်တို့ အကြမ်းဖျင်း တွက်ထားတယ်။ သူတို့ထဲက ဘယ်လောက်မှာ ကူးစက်ထားပြီးလဲ ဆို တာ မသိရသေးဘူး” ဟု ပြောကြားထားကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
မဲဆောက်ဒေသခံများကလည်း အဆိုပါ ထိုင်းနိုင်ငံသားများကို မဲဆောက်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ မြန်မာဘက်ခြမ်းတွင် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ချစ်ကြည် ရေး တံတားမှ တရားဝင် လွှဲပြောင်းရမည်ဖြစ်သော်လည်း မြဝတီမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများကမူ ၎င်းတို့အနေ ဖြင့် အတိအကျ မသိကြောင်း ထိုင်းနိုင်ငံဘက်မှလည်း သတင်းအချက်အလက် ပေးပို့ခြင်း မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ဒါနဲ့ပတ်သက်လို့ ထိုင်းဘက်က ကျနော်တို့ဆီ သတင်း မပေးသေးဘူး၊ နှစ်နိုင်ငံ သဘောတူညီမှု အရတော့ တရားဝင်ပဲ အလွှဲအပြောင်း လုပ်ရမယ်ပေါ့။ ဒါကြောင့်ပဲ သတင်း မပို့တာလားတော့ မသိဘူး။ သတင်းမပေး သေးတာတော့ အမှန်ပဲ၊ ကျန်းမာရေးဘက်ကိုလည်း မေးကြည့်တော့ သူတို့လဲ မပြောနိုင်ဘူး” ဟု ပြောသည်။
မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့တွင် ကာစီနို လောင်းကစားရုံ ၁၅ ခုခန့် ရှိပြီး အများစုသည် နယ်ခြားစောင့်တပ် (BGF) အပါ အဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်မှုရှိကြပြီး ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများ၏ ရင်းနှီး မြှုပ်နှံမှုများ ပါဝင်ကြောင်း သိရသည်။
လတ်တလော မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာမှုကြောင့် အစိုးရပိုင်းက ကာစီနိုလောင်းကစားရုံ များအား ပိတ်ထားရန် ညွှန်ကြားထားသော်လည်း ရုံများအတွင်းသို့ ဝင်ရောက် စစ်ဆေးရန် အခက်အခဲရှိကြောင်း ဌာနဆိုင် ရာ တာဝန်ရှိသူအချို့က ပြောသည်။
မြဝတီမြို့တွင် နေထိုင်သူတဦးက “အရင်လို ဖွင့်ကြလုပ်ကြတာတော့ မဟုတ်ဘူးပေါ့။ ကျနော့် အိမ်နားက ကာစီနိုအသေး လေးတောင် ဖွင့်တာပဲ၊ ဒီလို အသေးလေးတောင် မထိန်းချုပ်နိုင်တာ၊ ကျန်တဲ့အကြီးကြီးတွေ ပြောမနေနဲ့တော့” ဟု ပြောပြ သည်။
မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၅၄၃ ဦး ရှိခဲ့ရာမှ ဆေးရုံတက်ကုသနေရသူ ၆၂ ဦးရှိနေကြောင်း သိရ သည်။
ဦးတေဇာအောင်က “ မနေ့က ၁၄ ဦး ပိုးတွေ့သူ ရှိတယ်၊ ဒီရက်ပိုင်း နည်းနည်းလေး (ပိုးတွေ့နှုန်း) ပြန်တက်နေတဲ့ အနေ အထားရှိတာပေါ့” ဟုပြောသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းကလည်း မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာခဲ့ကြ သည့် ထိုင်နိုင်ငံသားများထဲမှ၂၀ ဦးခန့်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ချင်းရိုင်းခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူ တွေက ပြောကြားခဲ့သည်။
1G1 ဟိုတယ်တွင် တည်းခိုခန်းများအပြင် ကာစီနို လောင်းကစားဝိုင်းများ၊ ကာရာအိုကေခန်းများ၊ အနှိပ်ခန်းများ ဖွင့်လှစ် ထားကြောင်းသိရပြီး ဝန်ထမ်းများတွင် ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍လည်း ဟိုတယ် မန်နေဂျာဖြစ်သူအား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲထားကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောထား သည်။
ထိုသို့ 1G1 ဟိုတယ်တွင် အလုပ်လုပ်ခဲ့သည့် ကိုဗစ်ကူးစက်ခံထားရသည့် ထိုင်းအမျိုးသမီးတဦး နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ပြန်လာရာမှ ၎င်းသွားရောက်ခဲ့သည့် ချင်းမိုင်၊ ချင်းရိုင်စသည့် မြို့များမှ လူတချို့ ကိုဗစ်ကူးစက်ခြင်း ခံခဲ့ရပြီးနောက် တာချီလိတ်တွင် တရားဝင်အလုပ်လုပ်နေသူများ အပါအဝင် တရားမဝင် အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက မယ်ဆိုင်မြို့မှ တရားဝင်ပြန်လည်ခေါ်ယူခဲ့သည်။
You may also like these stories:
ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး