အမေရိကန်နိုင်ငံ ရွေးချယ်ခံ သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှု ခံယူလိုက်ပြီ ဖြစ်ပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၃ ပတ်အကြာ ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယအကြိမ် ထိုးနှံလိုက်တာပါ။
အမေရိကန်နိုင်ငံတဝှမ်းမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး လုပ်ဆောင်နေပေမယ့် ကူးစက်မှုတွေကတော့ မြင့်တက်နေဆဲပါ။ လက်ရှိအချိန်ထိ ကူးစက်ခံ အတည်ပြုလူနာပေါင်း ၂၃ သန်း ကျော်လွန်သွားပြီး သေဆုံးသူ အရေအတွက်ကလည်း ၃၈၅,၀၀၀ ကျော်နေပါပြီ။ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
ဘိုင်ဒန်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက်က ထိုးနှံခဲ့တာပါ။ ကာကွယ်ဆေး ထိုးနှံမှု ပြီးဆုံးသွားချိန်မှာပဲ အရွေးချယ်ခံ သမ္မတ ဂျိုးဘိုင်ဒန်က နိုင်ငံတဝှမ်း ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ COVID-19 အဖွဲ့ရဲ့ ရည်မှန်းချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာ တာဝန်လွှဲပြောင်းယူပြီးတာနဲ့ ရက် ၁၀၀ အတွင်း ကာကွယ်ဆေး သန်း ၁၀၀ ထိုးနှံနိုင်ရေး ကမ်ပိန်းကိုလည်း အဓိကထား လုပ်ဆောင်သွားမယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ နေ့စဉ် အမေရိကန် ပြည်သူ ထောင်ဂဏန်းကျော် COVID-19 ကြောင့် သေဆုံးနေရတာဟာ လက်မခံနိုင်စရာ ကိစ္စရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ထိ အမေရိကန်နိုင်ငံသား ၉ သန်းနီးပါးကို COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပါပြီ။ ဒါဟာ နိုင်ငံရဲ့လူဦးရေ ၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တူညီတယ်လို့ ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ်ရေးစင်တာ (CDC) ကနေ ထုတ်ပြန်လိုက်ပါတယ်။ ပညာရှင်တွေက လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းထိ ထိုးနှံပေးနိုင်မှသာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မယ့် လုံလောက်တဲ့ ပမာဏ ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က ကျန်းမာရေးဝန်ထမ်း ၂၁ သန်းအား ဦးစားပေးအဆင့်နဲ့ စတင်ခဲ့တာပါ။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေမှာ အလုပ်လုပ်နေတဲ့ သူနာပြု ၃ သန်းကတော့ ဦးစားပေးအုပ်စုထဲမှာ ပထမဆုံး ထိုးနှံပေးမယ့်သူတွေပါ။
COVID-19 တိုက်ဖျက်ရေးအတွက် ရှေ့ဆုံးကနေ လုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်း ၅၁ သန်းကို ဒုတိယအကြိမ် ထိုးနှံမှုမှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အသက် ၇၅ နှစ်နဲ့အထက် အဘိုးအဘွားတွေလည်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရေးမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ CDC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Aljazeera
You may also like these stories:
ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး
အိန္ဒိယမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၆ ရက် စတင်မည်
မြဝတီ ကာစီနို၌ အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများထံမှ ကိုဗစ်ပိုးတွေ့