ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို ခရိုင် ၇ ခုမှာပါ ထပ်မံ တိုးမြင့်လိုက်ပါတယ်။ အရင်ပတ်က မြို့တော် တိုကျိုနဲ့ အနီး ဝန်းကျင် ဒေသ ၃ ခုကို အရေးပေါ် အခြေအနေ စတင်ကြေညာခဲ့ပြီးနောက် နောက်ထပ် ခရိုင် ၇ ခုကို ထပ်မံ တိုးမြင့်လိုက်တာပါ။
လက်ရှိမှာတော့ ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုထဲမှာ ၁၁ ခုကို အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး ဖြစ်ပါတယ်။ အိုဆာကာ၊ ကျိုတို အပါအဝင် ၇ ခု ထပ်မံ တိုးမြင့်လိုက်တာကြောင့် နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော် ၆၀ ရာခိုင်နှုန်းလောက် နေထိုင်တဲ့ ဒေသတွေဟာ အရေးပေါ် အခြေအနေအောက်မှာ ရှိနေပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မှာ COVID-19 ကူးစက်ခံရသူပေါင်း ၂၀၀,၀၀၀ ကျော်လွန်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပဲ အတည်ပြုလူနာ ၃၀၀,၀၀၀ ကျော်သွားပါပြီ။ ဝန်ကြီးချုပ် ဆူဂါက နိုင်ငံ ၁၁ နိုင်ငံက စီးပွားရေး ခရီးသွားဧည့်သည်တွေကိုပါ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဂျပန်ပြည်တွင်းကို နေထိုင်ခွင့် မဟုတ်တဲ့ မည်သည့် နိုင်ငံခြားသားမဆို ဝင်ထွက်ခွင့် ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
ယခင်က အာရှ ၁၁ နိုင်ငံကို ပြည်ဝင်ခွင့် ချွင်းချက်အဖြစ် ခွင့်ပြုပေးထားပေမယ့် ဇန်နဝါရီ ၁၃ ရက်ညကစလို့ ဝင်ထွက်ခွင့်ကို ပြန်လည် ဆိုင်းငံ့သွားမယ်လို့ ဝန်ကြီးချုပ် ဆူဂါ အစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ လက်ရှိမှာ ကူးစက်မှုများနေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေကြောင့် ခွင့်ပြုပေးထားတဲ့ နိုင်ငံတွေကို ဝင်ထွက် ခွင့်ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဆူဂါက ပြောပါတယ်။
အဓိကမြို့ကြီတွေရဲ့ ဆေးရုံတွေမှာလည်း COVID-19 ကူးစက်လူနာတွေ ပြည့်နေပြီး နိုင်ငံတဝန်းမှာ COVID-19 တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံနေရပါတယ်။ ဇန်နဝါရီ ၃ ရက်ကနေ ၉ ရက်အတွင်း မြို့တော် တိုကျိုမှာ COVID-19 အတည်ပြုလူနာ ၆,၀၀၀ ကျော် ရှိခဲ့ပါတယ်။
ဒေသခံမီဒီယာတွေမှာ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်း ဖော်ပြချက်အရ ၁၀ ရက်ဆက်တိုက် ရောဂါပြင်းထန်သူ တရက်တည်း ၉၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ခရိုင် ၄ ခုကလည်း အရေးပေါ် အခြေအနေ ကြေညာဖို့ ထပ်မံ တောင်းဆိုထားတာ ရှိနေပါတယ်။
ပြည်တွင်း ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲ ကျင်းပရေးက မရေရာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို အစိုးရ တာဝန်ရှိသူတွေက ငြင်းဆိုသွားပြီး ယခင် ကြေညာထားတဲ့အတိုင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံသား ၄၅ ရာခိုင်နှုန်းလောက်ကတော့ တိုကျိုအိုလံပစ်ကို ရွှေ့ဆိုင်းချင်နေတယ်လို့ လတ်တလော ကောက်ယူထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။ ကျင်းပဖို့ ရက် ၂၀၀ တောင် မလိုတော့တဲ့ တိုကျိုအိုလံပစ် ပြိုင်ပွဲကြီး မတိုင်ခင် အစိုးရအဖွဲ့ကတော့ ပြည်တွင်းရှိ ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာပြီး ဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ် ဟန့်တားနိုင်ဖို့ ကြိုးစားနေပါတယ်။
Ref: Japan Times