ဖိလစ်ပိုင်နိုင်ငံရဲ့ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာနက Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်ပါပြီ။ Pfizer-BioNTech ဆေးဟာ ထိရောက်မှု ၉၅ ရာခိုင်နှုန်းထိ ရှိတာဖြစ်လို့ ဖိလစ်ပိုင်မှာ ပထမဆုံး ကာကွယ်ဆေးအဖြစ် အရေးပေါ် အသုံးပြုခွင့် ပေးလိုက်တာပါ။
အဆိုပါ ခွင့်ပြုချက်ဟာ အစိုးရပိုင်းက အမေရိကန်နဲ့ ဥရောပ ကုမ္ပဏီ ပူးတွဲ ထုတ်လုပ်နေတဲ့ ဆေးတွေအတိုင်း အရည်အသွေး ပြည့်မီတယ်ဆိုတဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ဝယ်ယူမယ့် အစီအစဉ်ကို သမ္မတ ဒူတာတေး ကာကွယ် ပြောဆိုခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“တကယ်လို့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသာ စိတ်ချရမှု မရှိဘူးဆိုရင် သူတို့ဘက်ကလည်း အရဲစွန့်ပြီး ထုတ်မှာ မဟုတ်ဘူး” လို့ သမ္မတ ဒူတာတေးက ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။
ဘရာဇီးနိုင်ငံရဲ့ စမ်းသပ်ချက်အရ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဟာ ထိရောက်မှု မရှိဘူးဆိုတဲ့ သုတေသန အချက်အလက်တွေ ထွက်ပေါ်လာပြီးနောက် သမ္မတရဲ့ မှတ်ချက်ပြုစကားတွေဟာ မေးခွန်းထုတ်စရာ များလာပါတယ်။
ဖိလစ်ပိုင် လွှတ်တော်အမတ်တဦးဖြစ်တဲ့ Francis Pangilinan က နောက်လထဲမှာ ထိုးနှံတော့မယ့် ကာကွယ်ဆေးတွေထဲက တခုဖြစ်လာနိုင်တဲ့ Sinovac ကာကွယ်ဆေး ဝယ်ယူရေးကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ Lockdown ချ ကန့်သတ်ခံထားရတဲ့ မနီလာမြို့တော် လူဦးရေ ၂၅ သန်းကို ဖေဖော်ဝါရီလထဲမှာ ပထမအသုတ် ရောက်ရှိလာမယ့် Sinovac ကာကွယ်ဆေး အလုံး ၅၀,၀၀၀ ကျော်ကို ဦးစားပေး ထိုးနှံသွားမှာပါ။
ကာကွယ်ဆေး ထိုးနှံရေး အကြီးအကဲဟောင်း Carlito Galvez ကတော့ အစိုးရပိုင်းက ကာကွယ်ဆေးအတွက် Novavax, Moderna, AstraZeneca, Pfizer, Johnson & Johnson နဲ့ ရုရှားနိုင်ငံ Gamaleya Institute က ထုတ်မယ့် ကာကွယ်ဆေး အပါအဝင် စုစုပေါင်း ၁၃၇ သန်း ဝယ်ယူဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ COVAX အစီအစဉ်အရ ပထမ လေးလပတ်မှာ ကာကွယ်ဆေး သန်း ၄၀ ရရှိဦးမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အတည်ပြုလူနာပေါင်း ၅၀၀,၀၀၀ နီးပါးရှိပြီး၊ သေဆုံးသူ ၁၀,၀၀၀ နီးပါး ရှိပါတယ်။
COVID-19 ကူးစက်မှု များနေတာကြောင့် ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရဲ့ လူဦးရေ သန်း ၇၀၊ ဒါမှမဟုတ် ၃ ပုံ ၂ ပုံ နီးပါးကို စိတ်ချရတဲ့ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ချက်အရ ယူအေအီးနိုင်ငံက ပြန်လာသူ ခရီးသွားတဦးဆီမှာ ဗြိတိန်မှာ ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲသစ် ပထမဆုံးအကြိမ် ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ထားသူဟာ ဇန်နဝါရီ ၇ ရက်က ပြန်ရောက်လာသူ ဖြစ်ပြီး Quarantine ဝင်ရောက်နေပါတယ်။ သူနဲ့အတူ လေယာဉ်ပေါ် လိုက်ပါ စီးနင်းလာသူတွေကိုလည်း ခြေရာခံ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: SCMP
You may also like these stories:
ဂျပန်မှာ အရေးအပေါ် အခြေအနေ ကြေညာချက်ကို ဒေသ ၇ ခု ထပ်မံ တိုးမြင့်
တရုတ်မှာ WHO ကျွမ်းကျင်သူများ ရောက်နေစဉ် ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်
ကိုဗစ် ကူးစက်မှု မြင့်တက်တာကြောင့် မလေးရှားမှာ အရေးပေါ် အခြေအနေ ကြေညာ