အင်္ဂလန်နိုင်ငံ၊ မြို့တော်လန်ဒန်၊ Croydon မှာရှိတဲ့ The Best Western ဟိုတယ်ဟာ လာရောက် တည်းတဲ့ ဧည့်သည်တွေနဲ့ အမြဲ ပြည့်နေတဲ့ နေရာပါ။ လက်ရှိမှာတော့ တည်းခိုသူတွေအစား ကိုရိုနာဗိုင်းရပ်စ် လူနာတွေပဲ ရှိနေပါတယ်။
ဟိုတယ် ဧည့်ခန်းဆောင်မှာလည်း ဧည့်သည်တွေနဲ့ ထိုင်ခုံတွေအစား စားပွဲခုံလေးတွေပေါ်မှာ လက်သန့်စင် ဆေးရည်နဲ့ နှာခေါင်းစည်း Mask တင်ထားပြီး “ချောင်းဆိုး၊ နှာချေရာကနေ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်တယ်” ဆိုတဲ့ သတိပေးစာတန်း ကပ်ထားတာကို မြင်တွေ့ရမှာပါ။
“ပိုးသတ်ဆေးရည်” ဆိုတဲ့ လေချောင်းထောက် စက်ကြီးကတော့ လစ်ဟာနေတဲ့ ဟိုတယ် Check-in ကောင်တာ နောက်ဘက်မှာ နေရာယူနေပါတယ်။ ၁၀၇ ခန်းရှိတဲ့ ဟိုတယ်ကြီးက အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေအတွက် ကုသရေးဆောင် ဖြစ်နေပါပြီ။
ဟိုတယ်မန်နေဂျာ Alex Palaghiu ရဲ့ ပြောပြချက်အရ ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ်ကို National Health Service (NHS) ရဲ့ လိုအပ်ချက်အရ နေရာအခက်အခဲအတွက် ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ အခုလို ကူညီပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ လူတိုင်းလည်း NHS ကို တတ်နိုင်သလောက် ကူညီပေးပြီး အသက်တွေကို ကယ်တင်ပေးကြပါ” လို့ မန်နေဂျာ Palaghiu က ပြောပါတယ်။
The Best Western ဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ထားရှိပေးလိုက်တဲ့ ပထမဆုံး ဟိုတယ် ဖြစ်ပါတယ်။ အင်္ဂလန်ကို Lockdown ချ ကန့်သတ်ကာလအတွင်း ဧည့်သည် မရှိချိန်မှာ တည်းခိုဆောင်တွေကို လူနာအခန်းတွေအဖြစ် ပြောင်းလဲပေးထားတာပါ။
လက်ရှိမှာတော့ ဗြိတိန်မှာ ကပ်ရောဂါကာလ စတင်ချိန်နောက်ပိုင်း အဆိုးဆုံးအခြေအနေအဖြစ် ကူးစက်လူနာတွေအတွက် နေရာအခက်အခဲ ကြိုးစား ရုန်းကန်နေရပါတယ်။ COVID-19 မျိုးကွဲသစ် ကူးစက်မှုကို မထိန်းချုပ်နိုင်တာကြောင့် နေ့စဉ် ကူးစက်နှုန်းတွေဟာ စံချိန်တင် မြင့်တက်နေပါတယ်။
ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကလည်း နိုင်ငံအတွင်းမှာ အရေးပေါ် ICU အခန်းနေရာ မရှိသလောက် ပြည့်လျှံနေပြီလို့ သတိပေး ပြောကြားလိုက်ပြီးနောက်မှာ ယူကေဟာ လက်ရှိအချိန်ထိ ကူးစက်လူနာ ၃ ဒသမ ၂ သန်း ကျော်နဲ့ သေဆုံးသူ ၈၆,၀၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး ပဉ္စမနေရာမှာ ရှိနေပါတယ်။
ဆေးရုံ ခုတင်နေရာဟာ လက်ရှိအချိန်မှာတော့ တန်ဖိုးအရှိဆုံး ဖြစ်နေသလို၊ ဟိုတယ်ပိုင်ရှင်တွေကလည်း COVID-19 လူနာတွေ ထားရှိဖို့ လိုလားနေကြပါတယ်။
“ဟိုတယ်ပိုင်းမှာလည်း လတ်တလော ကန့်သတ်ချက်တွေကြောင့် ပိတ်ထားရမလို ဖြစ်နေပါပြီ။ ဒါကြောင့် ဟိုတယ်ပိုင်ရှင်အများစုက COVID-19 ကူးစက်လူနာတွေ သက်သာအောင် ထားရှိနိုင်မယ့် နေရာအဖြစ် ဖွင့်ပေးချင်ကြပါတယ်” လို့ လန်ဒန်ဟိုတယ် အဖွဲ့အစည်း စီအီးအို Meher Nawab က ဆိုပါတယ်။
The Best Western ဟိုတယ်မှာ ထားရှိထားတဲ့ COVID-19 လူနာတွေအတွက် ဘယ်ဆေးအကူ ဝန်ထမ်းမှ မထားရှိပါဘူး။ အဆိုပါဟိုတယ်မှာ COVID-19 ကူးစက်ခံထားရပြီး ပျောက်ကင်း သက်သာခါနီးအချိန် သီးသန့် နေထိုင်နိုင်အောင်သာ ပြင်ဆင်ပေးထားတာပါ။
တနေ့ကို ၃ ကြိမ် ထိတွေ့မှု မရှိအောင် အစားအသောက် လာရောက် ပို့ဆောင်ပေးထားပြီး ၂၄ နာရီအချိန်ပြည့် အရေးပေါ်အတွက် ဖုန်းခေါ်နိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်။ ဗီဒီယိုကတဆင့် NHS က ပို့ချပေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်းကို ဟိုတယ်ဝန်ထမ်းတွေက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဟိုတယ်ပိုင်ရှင်ဖြစ်သူက နေ့စဉ် NHS နဲ့ ဆွေးနွေး တိုင်ပင်လေ့ရှိပြီး နောက်ပိုင်းမှာ ဒီထပ်ပိုများတဲ့ အရေအတွက် ထားရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒီဟိုတယ်စုမှာ အခန်းပေါင်း ၅,၀၀၀ လောက် ရနိုင်မယ်။ နောက်ထပ် ဟိုတယ်တွေလည်း လာရောက် ဆက်သွယ်ထားတော့ နောက်ပိုင်းဆိုရင် ၁၀,၀၀၀ ၊ ၁၅,၀၀၀၊ ၂၀,၀၀၀ လောက်ကို နေရာပေးနိုင်တော့မှာပါ” လို့ စီအီးအို Nawab က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ဖိလစ်ပိုင်မှာ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး
ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး
အိန္ဒိယမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၆ ရက် စတင်မည်