နော်ဝေနိုင်ငံမှာ Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီး ရက်ပိုင်းအကြာ လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီထဲက ၁၃ ယောက်ကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်နွယ်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အဆိုပါ ၁၃ ဦးဟာ အသက် ၈၀ ကျော်အရွယ် သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်သူတွေပါ။ အားလုံးမှာ ပုံစံတူ အဖျားဝင်ကာ မအီမသာဖြစ်ပြီး ပျို့အန်တဲ့ လက္ခဏာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ “အားနည်းတဲ့ သက်ကြီးပိုင်းတွေမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြနိုင်တယ်” လို့ နော်ဝေ ဆေးဘက်ဆိုင်ရာ အေဂျင်စီရဲ့ အကြီးအကဲက ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေမှာ လမ်းညွှန်ချက်တွေကို ပြန်လည် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်ထိ နော်ဝေနိုင်ငံမှာ ဒီဇင်ဘာလကစလို့ Pfizer-BioNTech ဒါမှမဟုတ် Moderna ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၀,၀၀၀ ကျော် ရှိနေပါပြီ။
“သက်ကြီးပိုင်း အားနည်းသူတွေအတွက် ကာကွယ်ဆေးက အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတာ တွေ့ရမှာပါ။ ကာကွယ်ဆေး ထိုးပေးမယ့် ဆရာဝန်တွေဘက်ကလည်း ဘယ်သူတွေကို ထိုးပေးသင့်တယ်ဆိုတာ သေချာ ဆုံးဖြတ်ရမယ်” လို့ ဆိုပါတယ်။
အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၄ ရက်က ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့သူတွေထဲမှာ အမျိုးသမီး ၂၁ ဦးနဲ့ အမျိုးသား ၈ ဦးတို့ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုး လက္ခဏာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးခဲ့သူတွေအပြင် ၉ ဦးမှာလည်း ဓာတ်မတည့်ခြင်းအပြင် ကိုယ်ပူရှိန် တက်ပြီး ဆေးထိုးထားတဲ့ နေရာတွေမှာ အပြင်းထန် နာကျင်တာမျိုးတွေ ခံစားရတယ်လို့ ဆိုပါတယ်။
Pfizer ဘက်က ကာကွယ်ဆေးကြောင့် သေဆုံးသူတွေရဲ့ အချက်အလက်တွေ လက်ခံရရှိထားပြီး နော်ဝေ ဆေးဘက်ဆိုင်ရာအေဂျင်စီနဲ့ အတူပူးပေါင်းကာ သက်ဆိုင်ရာ အချက်အလက်တွေကို ရှာဖွေဖော်ထုတ်သွားမယ်လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း သက်ကြီးစောင့်ရှောက်ရေးဂေဟာမှ လူတဦးဟာ ကာကွယ်ဆေး ထိုးနှံပြီး ၂ နာရီအကြာမှာ သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် တာဝန်ရှိသူတွေကတော့ ဆေးစစ်ချက် မှတ်တမ်းအရ သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဥရောပသမဂ္ဂရဲ့ Pfizer-BioNTech ကာကွယ်ဆေး မှတ်တမ်း အချက်အလက်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပထမဆုံးအကြိမ် ထုတ်ပြန်သွားဖို့ရှိနေပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်သူတွေအနေနဲ့လည်း လစဉ် အချက်အလက်တွေ တင်ပြနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံးလို့ ဆိုနိုင်မယ့် ကာကွယ်ဆေး ထိုးနှံရေးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ၅၁ နိုင်ငံမှာ သန်း ၄၀ နီးပါး ထိုးပေးပြီးပြီလို့ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိ နှုန်းထားအရ တနေ့ကို ပျမ်းမျှ ၂ သန်းခွဲနီးပါး ထိုးနှံပေးနေကြတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ကျန်းမာ ရေးဝန်ထမ်းတွေကို စတင်ခဲ့တဲ့ အမေရိကန်မှာ ၁၃ ဒသမ ၇ သန်းအထိ ထိုးနှံပေးပြီးသွားပါပြီ။
Ref: Bloomberg , The Times of India