မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း တရက်တည်း ၄,၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ COVID-19 ကူးစက်မှုနှုန်း ၄,၀၂၉ ဦး ရှိခဲ့လို့ ယခင်ပတ် အစောပိုင်းက ကူးစက်နှုန်း ၃,၃၇၇ ထက် ပိုမြင့်တက်လာတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
နိုင်ငံတွင်း ကူးစက်မှုနှုန်းတွေ တကျော့ပြန် မြင့်တက်တာကြောင့် ဘုရင် ဆူလ်တန် အဗ္ဗဒူလာ အာမက်ရှားဟာ ဇန်နဝါရီ ၁၂ ရက်မှာ နိုင်ငံအရေးပေါ် အခြေအနေ ကြေညာပေးခဲ့ရပါတယ်။ ဒီဇင်ဘာလက စလို့ COVID-19 နေ့စဉ် ကူးစက်မှုနှုန်းတွေဟာ ထောင်ဂဏန်းထိ ပြန်လည် မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်မှာတော့ တနေ့တည်း ၄,၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်ခဲ့တာပါ။
မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅၈,၄၃၄ ဦးရှိပြီး သေဆုံးသူကတော့ ၆၀၁ ဦး ရှိပါတယ်။ ယခင်အပတ်ကစပြီး ဝန်ကြီးချုပ် မူယစ်ဒင် အစိုးရက မြို့တော် ကွာလာလမ်ပူ အပါအဝင် ပြည်နယ်တချို့ကို ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဇန်နဝါရီ ၂၆ ရက်ထိ ၂ ပတ်ကြာ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါတယ်။
၂၀၂၀ ခုနှစ်က ယခုလိုပဲ ပထမအကြိမ် စည်းကမ်း တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ခဲ့တာကြောင့် နေ့စဉ် ကူးစက်မှုနှုန်းကို ၁၁၇ ဦးထိ လျှော့ချနိုင်ခဲ့ပါတယ်။
၂ ပတ်ကြာ ကန့်သတ်ချက်ကြောင့် ဒေသတွင်း ခရီးသွာလာခွင့် တားမြစ်လိုက်သလို၊ တအိမ်မှာ အများဆုံး လူ ၂ ဦးထက် ပိုပြီး အပြင်ထွက် လိုအပ်တာဝယ်ဖို့ ကန့်သတ်လိုက်ပါတယ်။ ယခင်နှစ်နဲ့ မတူတဲ့အချက်ကတော့ စီးပွားရေးလုပ်ငန်းတွေ မတင်းကျပ်ဘဲ ပုံမှန်အတိုင်း ဖွင့်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေး အချက်အချာ ဗဟိုဖြစ်တဲ့ Selangor မှာ အတည်ပြုလူနာ ၁,၄၆၆ ဦးနဲ့ အများဆုံး ကူးစက်နေတာပါ။ ဒုတိယနေရာက Johor ကတော့ ကူးစက်ခံရသူ ၇၁၉ ဦး ရှိပါတယ်။ ကျန်းမာရေးဌာနရဲ့ ယခင်က တွက်ချက်ထားတဲ့ အချက်အလက်တွေအရ မလေးရှားနိုင်ငံဟာ ဖေဖော်ဝါရီလလယ်လောက်ထိကို နေ့စဉ် ကူးစက်နှုန်း ၄,၀၀၀ ကျော်ဖို့ မရှိနိုင်သေးဘူးလို့ ခန့်မှန်းခဲ့ကြတာပါ။
ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ Noor Hisham က ရောဂါ ပြင်းထန်လူနာနဲ့ အသက်ရူစက် ပေးထားရသူ အရေအတွက်ဟာ ၂၀၅ ဦး နဲ့ ၇၀ ဦး ရှိနေပြီလို့ ဆိုပါတယ်။ အောက်တိုဘာလကစလို့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လစဉ် ပျမ်းမျှ လူနာ ၁၀၀ သေဆုံးနေရပါတယ်။
Ref: Malay Mail
You may also like these stories:
နော်ဝေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ၁၃ ဦး သေဆုံး
Australian Open ပြိုင်ပွဲဝင် ကစားသမားတွေ စီးလာတဲ့ လေယာဉ်မှာ ကိုဗစ် ကူးစက်မှုတွေ့
ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည်