Coronavirus Update

ပြင်သစ်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၆ ပတ်ကျော်အကြာမှာ မြင့်တက်လာ

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်မှုနှုန်းဟာ ၆ ပတ်ခွဲကျော် အကြာမှာ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက် တရက်တည်း ကူးစက်နှုန်း ၁,၈၂၇၀ ရှိပြီး ICU ထဲမှာ ကုသမှုခံယူနေသူ အရေအတွက်ကလည်း တလအတွင်း ၂,၈၀၀ ကျော် ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံမှုမှာ ၄၇၉,၈၇၃ ဦးထိ ယခု တပတ်အတွင်း ရောက်ရှိသွားပြီလို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံတဝန်း ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးတွေ ရောက်ရှိပြီး မကြာခင်မှာပဲ စတင် ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ပြင်သစ်အစိုးရဟာ ကူးစက်မှုတွေ မြင့်တက်နေဆဲ ဆိုပေမယ့် ဗြိတိန်၊ ဂျာမနီတို့လို တနိုင်ငံလုံး Lockdown ချ ကန့်သတ် ပိတ်ပင်တာမျိုး မလုပ်ဘဲ ညမထွက်ရ စည်းကမ်းချက်ကိုသာ တိုးမြင့်ထားပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီကနေ နောက်တနေ့မနက် ၆ နာရီထိ နောက်ထပ် ၁၅ ရက် အချိန် တိုးမြင့်လိုက်တယ်လို့ ဇန်နဝါရီ ၁၆ ရက်က ကြေညာလိုက်ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် Jean Castex

ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ခဲ့တဲ့ ညမထွက်ရ အမိန့်ဟာ ည ၈ နာရီကနေ နောက်တနေ့ မနက် ၆ နာရီထိသာ ရှိခဲ့တာပါ။ အခုတော့ တိုးမြင့်လိုက်တဲ့ ၁၂ နာရီကြာ ညမထွက်ရအမိန့်ဟာ တနိုင်ငံလုံးအတိုင်းအတာထိ သက်ဝင်နေတော့မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲက ဆေးရုံတက် ကုသခံရသူ အရေအတွက်ဟာ ဒီဇင်ဘာ ၈ ရက် နောက်ပိုင်း ပိုများလာပြီး အရေးပေါ် ICU ထဲမှာ ကုသပေးနေရသူ လူနာအရေအတွက်လည်း ၉ ရက်ဆက်တိုက် ဆိုသလို မြင့်တက်လာပါတယ်။

ပြင်သစ်နိုင်ငံဟာ COVID-19 ကူးစက်ခံရသူပေါင်း ၃ သန်းနီးပါး ရှိလာပြီဖြစ်လို့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး ဆဋ္ဌမနေရာမှာ ရှိနေသလို၊ ဥရောပတိုက်မှာဆိုရင် ရုရှား၊ ယူကေပြီးရင် တတိယနေရာမှာ ရှိနေတာပါ။ သေဆုံးသူ အရေအတွက်ကတော့ ၇၀,၆၈၆ ဦး ရှိပြီး ကမ္ဘာပေါ်မှာ သေဆုံးမှုနှုန်း အများဆုံး သတ္တမနေရာမှာ ရှိနေပါတယ်။ နေ့စဉ် ပျမ်းမျှ သေဆုံးနှုန်းဟာ ၃၀၀ ကနေ ၄၀၀ ကြား ရှိပါတယ်။

ယူကေနဲ့ တောင်အာဖရိကမှာ ပျံ့နှံ့နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် နိုင်ငံအတွင်း ဝင်ရောက်လာမယ့်သူတွေကို တင်းကျပ်တဲ့ စည်းမျည်းတွေနဲ့ ကန့်သတ်ထားပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံကနေ လာရောက်သူတိုင်းဟာ ရောဂါကင်းစင်ကြောင်း အထောက်အထားပြရမယ့်အပြင် Quarantine ၇ ရက် ဝင်ရမှာဖြစ်ပြီး ဗိုင်းရပ်စ် ၂ ကြိမ်တိုင် ဆေးစစ်ခံရမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချင်းချင်း ပြည်ဝင်ခွင့် သတ်မှတ်ချက်တွေကို ဇန်နဝါရီ ၂၁ ရက်မှာ ကျင်းပမယ့် ဥရောပကောင်စီ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် Castex က ဆိုပါတယ်။ ကလေးတွေနဲ့ ကျောင်းဆရာ၊ ဆရာမ ၁ သန်းကို ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုကနေ ကြိုတင် ကာကွယ်ပေးနိုင်ဖို့ လစဉ်လတိုင်း ဆေးစစ်ပေးသွားမယ်လို့ ဆိုပါတယ်။

Ref: Reuters , Euronews

You may also like these stories:

မလေးရှားမှာ နေ့စဉ် ကိုဗစ် ကူးစက်နှုန်း ၄,၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်

နော်ဝေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ၁၃ ဦး သေဆုံး

Australian Open ပြိုင်ပွဲဝင် ကစားသမားတွေ စီးလာတဲ့ လေယာဉ်မှာ ကိုဗစ် ကူးစက်မှုတွေ့

Loading