သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တဦး ဖော်စပ် ရောင်းချနေတဲ့ COVID-19 ကာကွယ်ဆေးရည်ကို လူသိရှင်ကြား သောက်သုံးခဲ့တဲ့ ဝန်ကြီးတဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဆေးရုံတက် ကုသမှု ခံယူနေပါတယ်။
ဒီဇင်ဘာလက Dhammika Bandara ဖော်စပ် ပေးထားတဲ့ COVID-19 ကာကွယ်ဆေးရည်ကို ရရှိဖို့အတွက် လူစုဝေးခွင့် ကန့်သတ်ထားချက်ကိုတောင် ဖောက်ဖျက်ပြီး ထောင်သောင်းချီတဲ့ လူအုပ်ကြီးဟာ နိုင်ငံအလယ်ပိုင်းရှိ Bandara ရှိရာ ရွာမှာ စုဝေးခဲ့ကြပါတယ်။
အဆိုပါ ဆေးရည်ကို သောက်ပြခဲ့တဲ့ အမျိုးသမီးနှင့် ကလေးသူငယ် ဖွံ့ဖြိုးရေးဌာန ဝန်ကြီး Piyal Nishantha de Silva ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ် တွေ့ရှိခဲ့ပြီးနောက် ကုသရေးစင်တာမှာ ကုသမှုခံ ယူနေတယ်လို့ ပါလီမန်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ နောက်ထပ် နိုင်ငံရေးသမားတဦးရဲ့ မိသားစုဝင်လည်း အဆိုပါဆေးရည် သောက်ပြီးနောက် ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
ဟိန္ဒိူနတ်ဘုရား ကာလီမယ်တော်ထံက ရရှိထားတဲ့ နည်းအတိုင်း ဖော်စပ်ထားတာဖြစ်တယ်လို့ Bandara ရဲ့ စကားကို မီဒီယာတခုက ဖော်ပြခဲ့တာကြောင့် လူသိများလာခဲ့တာပါ။ အဆိုပါ Bandara ရဲ့ ဆေးရည်ဟာ ပျားရည်၊ ဇာတိပ္ဖိုလ်သီး၊ နံနံပင်နဲ့ တခြား သစ်မြစ်သစ်ဖုတွေနဲ့ စီမံ ဖော်စပ်ထားပြီး တပုလင်းကို အမေရိကန်ဒေါ်လာ ၁၃ နဲ့ ရောင်းချနေတာပါ။
သစ်မြစ်သစ်ဖုတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ သီရိလင်္ကာနိုင်ငံသားတွေကြောင့် Bandara ရဲ့ ဆေးရည်ဟာ စရောင်းတဲ့ ၄ ရက်အတွင်း အနည်းဆုံး ၁၅,၀၀၀ လောက် ရောင်းချခဲ့ရတယ်လို့ ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။
ဒေသခံမီဒီယာတွေမှာ ဖော်ပြချက်အရ Dhammika Bandara ဟာ သူဖော်စပ်ထားတဲ့ ဆေးရည်ကို ကုမ္ပဏီတွေနဲ့ ဘုရားကျောင်းတွေမှာပါ ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူဟာ ဆေးရည် နမူနာတွေကို ဝန်ကြီးတွေနဲ့ နိုင်ငံရေးသမား တချို့ကိုလည်း ပေးပို့ခဲ့ပါသေးတယ်။
DPA သတင်းအေဂျင်စီရဲ့ သတင်းမှာ ကျန်းမာရေးဌာနက ဆေးအဖြစ် အသိအမှတ် မပြုထားပေမယ့် ကျန်းမာရေးဝန်ကြီး Pavithra Wanniarachchi ကတော့ အဆိုပါ ဆေးရည်ကို သောက်သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အတိုက်အခံ ပါတီတွေကလည်း သူမကို မဟုတ်မမှန် ဖြန့်ဝေနေပြီး လူတွေကို ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ဆီ သွားအောင် တွန်းအာပေးရာ ရောက်တယ်လို့ ဝေဖန်နေပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တရှိန်ထိုး မြင့်တက်နေပြီး အောက်တိုဘာလက ကူးစက်ခံ လူနာ ၃,၃၀၀ နဲ့ သေဆုံးသူ ၁၃ ဦးပဲ ရှိခဲ့ရာက လက်ရှိမှာတော့ ကူးစက်ခံထားရသူပေါင်း ၅၄,၄၁၉ နဲ့ သေဆုံးသူ ၂၇၃ ဦး ရှိလာပါပြီ။
Ref: Aljazeera