ကိုဗစ်ကာကွယ်ဆေးများ ရရှိပါက ကိုဗစ်ဖြစ်ပွားမှုများရာ ဧရိယာများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဦးစားပေး ရရှိမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင် က “သူတို့ပြောတဲ့ထဲမှာ COVID-19 အဖြစ်များတဲ့ ရန်ကုန်၊ မန္တလေး၊ ရခိုင် သေချာတာကတော့ အဲဒါပေါ့။ တခြားနေရာတွေထက်စာရင် ဧရိယာဖြစ်တာများတာ။ Vaccine (ကာကွယ်ဆေး) ရတာလည်း ဒီဧရိယာတွေက ဦးစားပေးရမယ်” ဟု ပြောသည်။
ယနေ့တွင် မန္တလေးမြို့၌ကျင်းပသည့် Fever Clinic စေတနာ့ ဝန်ထမ်းလုပ်အားရှင်များအား ဂုဏ်ပြုပွဲအပြီးတွင် မီဒီယာ များ၏ မေးမြန်းချက်ကို ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများကို မိတ်ဖက်နိုင်ငံများဆီသို့ ဇန်နဝါရီ ၂၀ ရက်နေ့က စတင်ပို့ဆောင်နေပြီး မြန်မာနိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လူ ၁၅ သန်းစာအတွက် COVID-19 ကူးစက် ရောဂါ ကာကွယ်ဆေးအား အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် အပြင် အိန္ဒိယနိုင်ငံမှလည်း ထောက်ပံ့ရေးအစီအစဉ် (လက်ဆောင်) အနေဖြင့် ပို့ဆောင်မှုများလည်း ရှိမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွက် ကာကွယ်ဆေး လွှမ်းခြုံမှု လုံလောက်မည်ဟု ယူဆထားပြီး ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများကို ဦးစားပေးအဆင့်လိုက် ထိုးမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင် က “ကျနော်ထင်တယ်။ ကျနော်တို့ နိုင်ငံအတွက် Coverage က သိပ်မဆိုးပါဘူး။ ၂၀၂၁ တနှစ်လုံးကတော့ ကိုဗစ်ကာကွယ်ဆေးတွေ ရမှာပေါ့။ အဆင့်လိုက် အဆင့်လိုက် ရမှာပေါ့” ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ရရှိရေးအစီအစဉ် (COVAX) အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက်ကိုလည်း ကာကွယ်ဆေးများ ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVAX အစီအစဉ်နှင့် အကြုံးဝင်သည့် ၉၂ နိုင်ငံနှင့် အချိုးကျ မျှဝေရရှိမည်ဖြစ်ပြီး အကြိမ်အရေအတွက် ခွဲကာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “၂၀၂၁ ဇန်နဝါရီ ၁ ရက်ကနေစပြီး ရက် ၁၀၀ အတွင်းမှာ ကိုဗစ်ကာကွယ်ဆေးတွေကို အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့မယ်လို့ ပြောထားတာရှိပါတယ်။ ဒါဆိုရင် ရက် ၁၀၀ အတွင်းမှာ COVAX ကနေ ကာကွယ်ဆေးတွေ ရရှိဖို့ ရှိပါတယ်။ ဒီထက်လည်း စောရင်စောနိုင်ပါတယ်။ သေချာတာကတော့ ဧပြီလ ၇ ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့ မတိုင်ခင်တင်ပို့မှာ ဖြစ်တယ်လို့ ပြောထားတာ ရှိပါတယ်။ တဆင့်ပြီးတဆင့် ကာကွယ်ဆေးတွေ အသုတ်လိုက် အသုတ်လိုက် သူ့ရဲ့ ကိုယ်တာအလိုက်ကို ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါက်တာဇော်မြင့်မောင်က “ဘာပဲ အရေးကြီးလဲဆိုရင် နားလည်မှု ပေးရမယ်။ သူအရင်ထိုးရမယ်၊ ငါအရင်ထိုးရတယ် မလုပ်နဲ့ ကျနော်တို့ အားလုံးထိုးရအောင် အတိုင်ပင်ခံပုဂ္ဂိုလ် စီစဉ်နေတာ။ အဲဒါလေးကို လုပ်မယ်ဆိုရင် အချိန်ကောင်း စောင့်ပြီးတော့ ကျနော်တို့ရမှာပါ။ အရေးကြီးတာ Mask တပ်ပါ၊ လက်ဆေးပါ” ဟု ဆိုသည်။
မတ်လ ၂၃ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၅,၇၂၁ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ ၂,၉၉၇ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၉,၃၁၄ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ကာကွယ်ဆေး လာမည့်အပတ်အတွင်း မြန်မာသို့ ရောက်မည်
ကိုဗစ်ကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှု အသစ်
လူကုန်ကူးဂိုဏ်းများ၊ အစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ကိုဗစ်ကာလဆိုး