အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India (SII) ရဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ မီးလောင်တာကြောင့် ထိခိုက် အပျက်အစီး များပေမယ့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်မှုကို ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
SII ပရိဝုဏ်ထဲက ဆောက်လုပ်ဆဲ ၆ ထပ် အဆောက်အအုံရဲ့ ၄ လွှာကနေ စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၅ လွှာအထိ မီးခိုးငွေ့တွေ ဖုံးလွှမ်းသွားခဲ့တာပါ။ လက်ရှိမှာ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ SII အကြီးအကဲ Adar Poonawalla က မီးလောင်တာကြောင့် ထုတ်လုပ်နေတဲ့ Oxford-AstraZeneca ရဲ့ COVID-19 ကာကွယ်ဆေး Covishield ထုတ်လုပ်မှုကို ထိခိုက်တာမျိုး မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
အစောပိုင်းက ထုတ်ပြန်ချက်အရ လူသေဆုံးမှု မရှိသေးခင်မှာ Poonawalla က အစိုးရနဲ့ ပြည်သူတွေ စိုးထိတ်နေတဲ့ Covishield ထုတ်လုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှု မရှိဘူးလို့ Twitter မှာ ရေးသားခဲ့ပါတယ်။ နောက်ပိုင်း မီးလောင်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တဲ့အတွက် တုန်လှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“စိတ်မကောင်းစွာနဲ့ပဲ မတော်တဆဖြစ်ရပ်ကနေ လူသေဆုံးတဲ့အထိ ဖြစ်သွားရတာပါ။ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်” လို့ Poonawalla က ဆိုပါတယ်။
Oxford-AstraZeneca ရဲ့ COVID-19 ကာကွယ်ဆေး Covishield ဟာ ဝင်ငွေအသင့်တင့်နဲ့ ဝင်ငွေနည်း တိုင်းပြည်တွေရဲ့ မျှော်လင့်ချက် ရောင်ခြည်ဖြစ်လို့ မီးလောင်တဲ့ သတင်းကြောင့် နိုင်ငံတကာက အစိုးရတွေကပါ စိုးရိမ် ပူပန်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် အမေရိကန်ဒေါ်လာ ၁၃၇ သန်း (အိန္ဒိယရူပီး ၁၀ ဘီလီယံ) ဖိုး ဆုံးရှုံး နစ်နာသွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ရာကနေ လူ ၄ ဦးကို ကယ်တယ်ပေးနိုင်ခဲ့ပြီး ၅ ဦးကတော့ သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် Murlidhar Mohol က ဆိုပါတယ်။ ပြည်နယ်အစိုးရကတော့ မီးလောင်မှုဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လျှပ်စစ် ပြဿနာကြောင့် လောင်ကျွမ်းခဲ့တာလို့ ပြောပါတယ်။
မီးလောင်မှုကြောင့် သေဆုံးခဲ့သူတွေဟာ ဆောက်လုပ်ဆဲ အဆောက်အအုံမှာ လေအေးပေးစက်နဲ့ ဂဟေဆက်တဲ့ အပိုင်းမှာ လုပ်ကိုင်နေသူတွေပါ။ မဟာရာရှာဒရာပြည်နယ် Pune မြို့ SII ရုံးချုပ်ဝန်းထဲ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ မီးလောင်မှုကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေကို အဝေးကနေ မြင်ခဲ့ကြပါတယ်။
SII ကနေ Oxford-AstraZeneca ရဲ့ COVID-19 ကာကွယ်ဆေး Covishield ကို တလ သန်း ၅၀ ကျော် ထုတ်လုပ်ဖို့ လျာထားပြီး မကြာခင်မှာ တလ သန်း ၁၀၀ ထုတ်လုပ်လာနိုင်အောင် တိုးချဲ့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Oxford-AstraZeneca ထုတ် ကာကွယ်ဆေးကို ပထမသုတ်အဖြစ် နီပေါ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မော်လ်ဒိုက် စတဲ့နိုင်ငံတွေကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။
Ref: Refuters , Indian Express
You may also like these stories:
အမေရိကန်အနှံ့ ကိုဗစ် ကာကွယ်ဆေး ဖြန့်ဝေရေးပိုင်းမှာ ကူညီဖို့ Amazon ကမ်းလှမ်း
ဂျပန်မှာ ယူကေ ခရီးသွားရာဇဝင် မရှိဘဲ ဗိုင်းရပ်စ်မျိုးကွဲသစ် ၃ ဦး ကူးစက်ခံရ
သီရိလင်္ကာမှာ ကိုဗစ် ကာကွယ်ဆေးရည် သောက်ခဲ့တဲ့ ဝန်ကြီး ဗိုင်းရပ်စ် ကူးစက်ခံရ