ကမ္ဘာပေါ်က ဆင်းရဲတဲ့ နိုင်ငံတွေအတွက် Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၄၀ ကျော်ကို အမြတ်အစွန်း မယူဘဲ ထောက်ပံ့ပေးမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆင်းရဲတဲ့ နိုင်ငံတွေထိ ကာကွယ်ဆေးရရှိရေး ဆောင်ရွက်နေတဲ့ အစီအစဉ် Covax ကတဆင့် ပေးပို့သွားမှာပါ။
လက်ရှိမှာတော့ ကမ္ဘာ့ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဒါဇင်နဲ့ချီမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် Pfizer-BioNTech ဆေးကို ထိုးနှံနေကြပါပြီ။ ဆင်းရဲတဲ့နိုင်ငံတွေအတွက်တော့ ကာကွယ်ဆေး ထိုးနှံရေးဆိုတာ အခုချိန်ထိ အလှမ်းဝေးနေဆဲပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချို့တဲ့နိုင်ငံတွေထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေးပို့နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Covax အစီအစဉ်အရ ဖေဖော်ဝါရီလကစလို့ ကာကွယ်ဆေးကို ပထမအသုတ်အဖြစ် စတင်ဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပါတယ်။
Covax ကို WHO နဲ့ ကာကွယ်ဆေး မိတ်ဖက်တခုဖြစ်တဲ့ Gavi တို့ ပူးတွဲဦးဆောင် စီစဉ်နေတာ ဖြစ်ပါတယ်။ WHO ကနေ အရေးပေါ်အသုံးပြုခွင့် ပေးထားပြီးဖြစ်တဲ့ တခုတည်းသော COVID-19 ကာကွယ်ဆေးကလည်း Pfizer-BioNTech ပဲ ရှိပါသေးတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေကလည်း ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ နည်းတူ COVID-19 ကာကွယ်ဆေးတွေကို အချိန်နဲ့ တပြေးညီ ရရှိသင့်တယ်လို့ Pfizer ရဲ့ ဥက္ကဋ္ဌ Albert Bourla က ပြောသွားပါတယ်။ “ကျနော်တို့ Pfizer ဘက်က Covax အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ အမြတ်အစွန်း မယူဘဲ ထောက်ပံ့ပေးသွားမှာပါ” လို့ ဆိုပါတယ်။
“ဗိုင်းရပ်စ် ကူးစက်မှုတွေများတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြား ဦးစားပေးပြည်သူတွေဆီ ကာကွယ်ဆေး ထိုးနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်ပေးနေတဲ့ Covax အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ဥက္ကဋ္ဌ Albert Bourla က ပြောပြသွားပါတယ်။
၂၀၂၀ ခုနှစ်မှာ စတင်အခြေပြုခဲ့တဲ့ Covax အစီအစဉ်အရ ၂၀၂၁ ခုနှစ်မှာ COVID-19 ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ ၂၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ကမ္ဘာအရပ်ရပ်က အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေနဲ့ ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ် ၉၂ နိုင်ငံဆီ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
Gavi ရဲ့ အကြီးအကဲ Seth Berkley ကလည်း WHO ကနေ အရေးပေါ် အသုံးပြုခွင့်အတွက် စိစစ်ဆဲ Oxford-AstraZeneca ကာကွယ်ဆေး သန်း ၁၅၀ နီးပါးကို ဖေဖော်ဝါရီလလယ်လောက်မှာ လိုအပ်တဲ့နိုင်ငံတွေဆီ စတင်ပေးပို့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
Berkley က ၂၀၂၁ ခုနှစ်ထဲ Covax ကနေ ကာကွယ်ဆေးပေါင်း ၂ ဒသမ ၃ ဘီလီယံ ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ ပြောဆိုလိုက်သလို WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ကာကွယ်ဆေးဟာ ကမ္ဘာတဝန်း ခံစားနေရတဲ့ ကူးစက်ကပ်ရောဂါကြီး အဆုံးသတ်ဖို့ မျှော်လင့်ချက်နဲ့ ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
ဘာလဲဟဲ့ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”