နယူးဇီလန်မှာ ၂ လအကြာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိ
နယူးဇီလန်နိုင်ငံမှာ လအတော်ကြာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု မရှိဘဲနေရာက အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီးတဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ သူဟာ မကြာသေးခင် ခရီးက ပြန်ရောက်လာသူဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ထားခြင်း မရှိဘူးလို့ ဆေးစစ်ချက်ထွက်ထားတာပါ။
ဒီဇင်ဘာ ၃၀ ရက်က တောင်အာဖရိကနိုင်ငံကနေ နယူးဇီလန်ကို ပြန်ရောက်လာသူ အဆိုပါ အမျိုးသမီးဟာ ၂ ပတ်ကြာ Quarantine ဝင်ရောက်ထားပြီး COVID-19 နှစ်ကြိမ် ဆေးစစ်ခဲ့ကာ ကင်းစင်ကြောင်း အဖြေထွက်ထားခဲ့တာဖြစ်တယ်လို့ ဝန်ကြီး Chris Hipkins က ပြောပြပါတယ်။
ပြည်တွင်းကူးစက်မှုတွေ လအတော်ကြာ မရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံမှာ ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ Quarantine ဝင်နေစဉ် အတူပြန်လာသူတွေထဲက အနီးကပ် တယောက်ဆီကနေ ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နောက်ထပ်လည်း Quarantine စင်တာ နေထိုင်ရာ နေရာတွေမှာ လေဝင်လေထွက်နဲ့ လေအေးပေးစက် စနစ်တွေကတဆင့် ဗိုင်းရပ်စ် ကူးစက်နိုင်ချေကို ရှာဖွေ ဖော်ထုတ်နေပါတယ်။ နယူးဇီလန်ရဲ့ ကျန်းမာရေးဌာန အကြီးအကဲ Ashley Bloomfield က ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တဲ့ အဆိုပါ အမျိုးသမီးနဲ့ အနီးကပ် ထိတွေ့ ခဲ့သူ ၁၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။
သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေထဲက အမျိုးသားနဲ့ ဆံပင်ညှပ်ဆရာတွေကို ဆေးစစ်ခဲ့ရာ ကူးစက်မှု မရှိကြောင်း Negative အဖြေ ထွက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ နယူးဇီလန်မှာ ပြည်တွင်းကူးစက်မှု နောက်ဆုံး တွေ့ရှိခဲ့တာ နိုဝင်ဘာလက ဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
လူဦးရေ ၅ သန်းလောက်ပဲရှိတဲ့ နိုင်ငံလေးမှာ တင်းကျပ်တဲ့ Lockdown နဲ့ နယ်စပ် ဝင်ပေါက်တွေကို ပိတ်ပြီး ဗိုင်းရပ်စ် ကူးစက်မှု မရှိအောင် အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ နယူးဇီလန်မှာ လက်ရှိအချိန်ထိ COVID-19 အတည်ပြုလူနာ ၂,၂၈၈ ဦး ရှိပြီး သေဆုံးသူ ၂၅ ဦးသာ ရှိပါတယ်။
ကူးစက်ခံထားရတဲ့ အမျိုးသမီးကြီးဟာ နယူးဇီလန် North Island မှာ နေထိုင်သူဖြစ်ပြီး တောင်အာဖရိကကနေ ပြန်ရောက်တာနဲ့ Aukland မှာရှိတဲ့ Quarantine စင်တာမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဌာန အကြီးအကဲ Bloomfield က တောင်အာဖရိကနိုင်ငံဟာ လက်ရှိမှာ အသေးစိတ်အချက်အလက် မထွက်ပေါ် သေးပေမယ့် ကူးစက်မြန် ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters
You may also like these stories:
ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်
အိန္ဒိယ ကိုဗစ် ကာကွယ်ဆေးထုတ် စက်ရုံဝန်းအတွင်း မီးလောင်မှု ဖြစ်ပွား
အမေရိကန်အနှံ့ ကိုဗစ် ကာကွယ်ဆေး ဖြန့်ဝေရေးပိုင်းမှာ ကူညီဖို့ Amazon ကမ်းလှမ်း