အစ္စရေးမှာ ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ကိုဗစ်ကူးစက်လူနာ ကျဆင်းလာ
အစ္စရေးနိုင်ငံမှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပြီး ၃ ပတ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေးရုံတက် ကုသခံယူရတဲ့ အသက် ၆၀ နဲ့အထက် လူကြီးပိုင်းအရေအတွက် ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။
ထိုးနှံပေးခဲ့တဲ့ Pfizer ကာကွယ်ဆေးဟာ အသက် ၆၀ အထက် သက်ကြီးပိုင်းအရွယ်တွေကို ဗိုင်းရပ်စ်ကြောင့် ပြင်းထန်လက္ခဏာနဲ့ ဆေးရုံတက် ကုသခံရတဲ့ အရေးကနေ ရှောင်လွှဲပေးနိုင်ခဲ့တယ်လို့ အစ္စရေး ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ရေးအဖွဲ့က ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။
နိုင်ငံတဝှမ်းမှာ Pfizer ကာကွယ်ဆေး ထိုးနှံပေးပြီး တလအကြာမှာပဲ ကူးစက်မှုတွေဟာ မတိုင်ခင်ကထက် လျော့ကျသွားတာကို ကိန်းဂဏန်း အချက်အလက်တွေအရ မြင်သာစေပါတယ်။ Maccabi ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ရေးရဲ့ အစောပိုင်း ထုတ်ပြန်ချက်တွေအရ သက်ကြီးပိုင်းအရွယ်တွေမှာ ၆၀ ရာခိုင်နှုန်းလောက်ထိ ကူးစက်မှုနှုန်းကို လျှော့ချလိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အချက်အလက်တွေဟာ COVID-19 ကူးစက်သူတွေထဲမှာ ရောဂါလက္ခဏာ အနည်းကျဉ်းသာခံစားရသူတွေမှာရော ထိရောက်မှု ရှိနေလားဆိုတဲ့အချက်ကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။ ကမ္ဘာတဝှမ်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကျန်းမာရေးကဏ္ဍ ယိုင်နဲ့လာတဲ့ နိုင်ငံတွေက သိချင်နေတဲ့ မေးခွန်းကို Maccabi ဘက်က စတင်ဖြေကြားပေးလိုက်ပါပြီ။
နောက်ဆုံး အချက်အလက်တွေအရ ကာကွယ်ဆေး စတင်ထိုးနှံပြီး ၁၈ ရက်အကြာမှာ ကူးစက်မှုနှုန်း စတင် လျော့ကျလာတာဖြစ်တယ်လို့ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံးဆေးရုံရှိ ကူးစက်ရောဂါဌာန ခေါင်းဆောင် Galia Rahav က ပြောကြားလိုက်ပါတယ်။
ပထမအကြိမ် ဆေးထိုးပြီး ၂၃ ရက် (ဒုတိယအကြိမ်ထိုးပြီး ၂ ရက်) အကြာမှာ အသက် ၆၀ နဲ့အထက် ကူးစက်လူနာ ၆၀ ရာခိုင်နှုန်းလောက် လျော့ကျလာတယ်လို့ Maccabi က လူနာ ၅၀,၇၇၇ ဦးကို စောင့်ကြည့်ပြီး ထုတ်ပြန်နိုင်ခဲ့တာပါ။
“ဒီအချက်အလက်တွေက အရမ်းအရေးပါတယ်။ ဒါက တကယ်ပဲ အရာထင်ပါတယ်။ ဘာလို့ဆို ကာကွယ်ဆေးက ကူးစက်မှု အမြင့်ဆုံးနှုန်းနဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့မှုအပေါ် ဘယ်လောက် သက်ရောက်မှုရှိလဲ ဆိုတာ ပေါ်လွင်နေတယ်” လို့ Rahav က ပြောပြသွားပါတယ်။
တဖက်က ကြည့်ပြန်တော့လည်း ချမှတ်ထားတဲ့ Lockdown ကြောင့် ကူးစက်မှုတွေ လျော့ကျလာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Maccabi ရဲ့ ဂရပ်ဇယားအရ ကာကွယ်ဆေးထိုးပြီး ၁၃ ရက် မတိုင်ခင်ထိ ၆၀ နဲ့ အထက် ကူးစက်မှုနှုန်းက အရင်အတိုင်းပဲရှိပြီး ၂၃ ရက်မြောက်မှာတော့ သိသိသာသာ ကွာဟလာတာကို မြင်တွေ့ရမှာပါ။ အစ္စရေးနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်လူနာ ၆၀၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄,၅၀၀ နီးပါး ရှိပါတယ်။
Ref: The Times of Israel
You may also like these stories:
နယူးဇီလန်မှာ ၂ လအကြာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိ
ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်
အိန္ဒိယ ကိုဗစ် ကာကွယ်ဆေးထုတ် စက်ရုံဝန်းအတွင်း မီးလောင်မှု ဖြစ်ပွား