ထိုင်းနိုင်ငံ COVID-19 စင်တာ (CCSA) ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၅ ရက်က ဘန်ကောက်မြို့အနီး ဆမွတ်ဆခွန် ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉၁၄ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခြားဒေသတွေမှာ ကူးစက်မှုတွေ ပြန်လျော့ကျနေပေမယ့် ဆမွတ်ဆခွန် ခရိုင်မှာတော့ တရက်တည်း ကူးစက်ခံထားရသူ အများဆုံး တွေ့ရှိလိုက်တာပါ။
ဒုတိယ ကိုဗစ်လှိုင်း ကူးစက်မှု စတင်ခဲ့ရာ ဆမွတ်ဆခွန်မှာ ဆေးစစ်ရာမှ ၈၄၄ ဦး တွေ့ရှိခဲ့ပြီး ၇၆၀ ကတော့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး ကျန်ရှိသူတွေကတော့ ထိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကူးစက်မှု ၇၀ ထဲက ထိုင်း ၃၅ ဦးနဲ့ ရွှေ့ပြောင်းလုပ်သား ၃၅ ဦးတို့ဟာ ဆေးရုံမှာ စောင့်ကြည့်နေသူတွေထဲကပါ။
ကူးစက်မှုအသစ် ၉၀၀ ကျော် တွေ့ရှိခဲ့တာကြောင့် အစုပြုံလိုက် ကူးစက်မှုတွေ စတင်ခဲ့ရာ ဆမွတ်ဆခွန်မှာ အတည်ပြုလူနာပေါင်း ၆,၅၅၅ ဦးရှိသွားပြီလို့ ခရိုင် ပြည်သူ့ဆက်သွယ်ရေးအရာရှိက ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့အစောပိုင်းကပဲ CCSA ရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Apisamai Srirangsun က ဇန်နဝါရီလကုန်ထိ ကူးစက်မှု မြင့်တက်နေတဲ့ ဆမွတ်ဆခွန်မှာ တနေ့ကို လူ ၁၀,၀၀၀ ဗိုင်းရပ်စ် စစ်ဆေးသွားဖို့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
“တနေ့ကို လူ ၁၀,၀၀၀ လောက် ဆေးစစ်မှာဖြစ်လို့ နေ့စဉ် ကူးစက်ခံထားရသူ ၈၀၀ လောက် တွေ့နိုင်တယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ် Apisamai Srirangsun က ဆိုပါတယ်။ ဒေါက်တာ Apisamai က ဆေးစစ်မှုတွေကြောင့် တွေ့ရှိလာနိုင်တဲ့ ကူးစက်လူနာ အသစ်တွေအတွက်လည်း လတ်တလောမှာ ၁,၀၀၀ ကျော်လောက် နေရာပေးထားနိုင်ပြီး ဒီနေ့မှာပဲ ခုတင် ၄၀၀ နဲ့ ဇန်နဝါရီ ၂၉ ကျရင် နောက်ထပ် ခုတင် ၁,၀၀၀ ကျော် ထပ်မံဖြည့်စီးပေးသွားမယ်လို့ ဖြေကြားသွားပါတယ်။
ပုဂ္ဂိလကုမ္ပဏီ တခုကိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ ထားရှိဖို့အတွက် ယာယီဆေးရုံတည်ဆောက်ဖို့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ အဆိုပါဆေးရုံမှာ လူနာ ၂,၀၀၀ ကျော် ထားရှိနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
လက်ရှိ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကိုတော့ ဒေါက်တာ Apisamai က ဒေသအလိုက် အုပ်ချုပ်ရေးပိုင်း၊ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ကူးစက်မှု လျော့ကျသွားတဲ့ ဒေသတွေကို ကန့်သတ်ချက်တချို့ ဖြေလျော့ပေးထားပြီး တချို့ဒေသ အထူးသဖြင့် အနီရောင်ဇုံတွေကို ပိုတင်းကျပ်ထားတယ်” လို့ ပြောပြသွားပါတယ်။
ဆမွတ်ဆခွန်ရဲ့ အုပ်ချုပ်ရေးမှူး Surasak Pholyoungsong က ပုစွန်ဈေးက ဆိုင်ပိုင်ရှင်တွေ၊ ဈေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေရာထိုင်ခင်းကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခင်က အင်္ဂါနေ့မှာ ဈေးကို ပြန်ဖွင့်ဖို့ လုပ်ထားပေမယ့် ကူးစက်မှုတွေက မြင့်တက်နေလို့ ခွင့်ပြုပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
အစ္စရေးမှာ ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ကိုဗစ်ကူးစက်လူနာ ကျဆင်းလာ
နယူးဇီလန်မှာ ၂ လအကြာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိ
ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်