အရှေ့တောင်အာရှမှာ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ကမ္ဘာ့စတုတ္ထ လူဦးရေအများဆုံး အင်ဒိုနားရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁ သန်းပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ မတ်လတည်းက COVID-19 ကူးစက်မှု စတင်ခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယမြောက် ကာကွယ်ဆေး ထိုးနှံနေတဲ့နိုင်ငံ ဖြစ်ပေမယ့် ကူးစက်မှုတွေကတော့ မြင့်တက်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။
ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ထားချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉၉၉,၂၅၆ ဦး ရှိနေပါပြီ။ သေဆုံးသူကတော့ ၂၈,၁၃၂ ဦးပါ။ နေ့စဉ် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းကလည်း ၁၁,၀၀၀ နီးပါး ရှိနေတာ ရက်သတ္တပတ်ချီ ကြာမြင့်နေပြီလို့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အစိုးရဘက်က COVID-19 ကာကွယ်ဆေး ထိုးနှံရေးနဲ့ နိုင်ငံတဝန်း အသွားအလာ အကန့်အသတ် တင်းကျပ်မှုတွေကို ဇန်နဝါရီလ အစောပိုင်းကပဲ စတင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ အာရှနိုင်ငံတွေထဲမှာလည်း ကူးစက်မှုအများဆုံး စတုတ္ထနေရာမှာ ရှိနေတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ ဗိုင်းရပ်စ် စစ်ဆေးမှုနှုန်း နိမ့်ပြီး ထိတွေ့ခဲ့သူတွေကို ခြေရာခံစနစ် အားနည်းတာကြောင့် ကူးစက်မှုတွေ မြင့်တက်နေတာလို့ ပြစ်တင် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ဂျာကာတာမြို့ခံ Sabriyanti က မြို့တွင်းမှာ လက်ရှိထက် ပိုမိုတင်းကျပ်တဲ့ Social distancing စည်းမျည်းတွေ ချမှတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
“အစိုးရ တာဝန်ရှိသူတွေဘက်က အခုထက် ပိုတင်းကျပ်တဲ့ စည်းမျည်းတွေ ချမှတ်ပေးရမှာပါ။ ကူးစက်မှုတွေ များနေတာတောင် နှာခေါင်းစည်း Mask မတပ်တဲ့သူတွေ၊ လူစုလူဝေးတွေ မြင်နေရတုန်းပါပဲ” လို့ သူက ဆိုပါတယ်။
အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသား Muhaimin Zega က ပြည်သူတွေ နားလည်လွယ်တဲ့ စည်းမျည်းတွေ ထားရှိသင့်တယ်လို့ ဆိုပါတယ်။ “ပြည်သူတွေဘက်ကိုပဲ အကုန်လုံး ပြစ်တင် ပုံချလိုက်လို့မရပါဘူး။ အစိုးရပိုင်းကလည်း ပြည်သူတွေကို ထိန်းချုပ် ကန့်သတ်ပေးဖို့ တာဝန်ရှိပါတယ်” လို့ Muhaimin Zega က ဆိုပါတယ်။
အစိုးရ COVID-19 အထူးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Reisa Broto Asmoro ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အားလုံးပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပြန်လည် သက်သာနေပြီလို့ ဆိုပါတယ်။ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကူးစက်ခံရသူ ၁ သန်းမှာ ၈၀၀,၀၀၀ ကျော် ပျောက်ကင်း သက်သာသွားပြီး ၁၆၀,၀၀၀ ကျော် ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်
နယူးဇီလန်မှာ ၂ လအကြာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ရှိ
အစ္စရေးမှာ ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ကိုဗစ်ကူးစက်လူနာ ကျဆင်းလာ