ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုပေါင်း သန်း ၁၀၀ ကျော်ပြီ
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း သန်း ၁၀၀ ကျော်လွန်လာခဲ့ပါပြီ။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင် ပျံ့နှံ့လာခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကြီး ၁ နှစ်ကျော်အကြာမှာပဲ ကူးစက်မှုပေါင်း ၁၀၀,၈၃၇,၆၀၇ ခု ရှိနေပြီလို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ကမ္ဘာတဝန်းနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတွင်း ဝင်ရောက်ခွင့် ကန့်သတ်ခဲ့ရသလို၊ Shutdown ၊ Lockdown နဲ့ ညမထွက်ရ အမိန့်တွေ၊ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေပါ ထုတ်ပြန်ခဲ့ရပြီး ပြည်သူလူထုကြား ကူးစက်မှုတွေ ပျံ့နှံ့လာမှာကို ထိန်းချုပ်လာခဲ့ရပါတယ်။
တင်းကျပ်တဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးကဏ္ဍ ယိုင်နဲ့လာကာ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး ဆင်းရဲမွဲတေမှု အခြေအနေ များလာပါတယ်။
ကမ္ဘာတဝန်း COVID-19 ရောဂါ လူ သန်း ၁၀၀ ကျော် ကူးစက်ခံထားရပြီး ၂ ဒသမ ၁ သန်းကျော်ကတော့ ကူးစက်မှုနဲ့ သေဆုံးခဲ့ရပါတယ်။ ပြန်လည် သက်သာလာသူကတော့ ၇၂ သန်းကျော် ရှိနေပါပြီ။ ကပ်ရောဂါကာလ ၁ နှစ် ကြာချိန်မှာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံရေးတွေလည်း စတင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနဲ့ သေဆုံးသူ အများဆုံးဖြစ်နေတဲ့ အမေရိကန်မှာ အတည်ပြုလူနာပေါင်း ၂၆ သန်း ကျော်လွန်လာပြီဖြစ်လို့ ကမ္ဘာ့ကူးစက်နှုန်းရဲ့ လေးပုံတပုံ ရှိကာ အဆိုပါ ကပ်ရောဂါကြောင့် ၄၃၀,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာတော့ COVID-19 ကူးစက်မှု လျော့ကျလာစေဖို့ ကာကွယ်ဆေး ထိုးနှံရေး အရှိန်ကို မြင့်တက်သွားမယ့်အပြင် နောက်ထပ် ကာကွယ်ဆေး သန်း ၂၀၀ ကျော်ဝယ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။
အမေရိကန်နောက် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ကူးစက်ခံရသူ ၁၀ သန်းနဲ့ သေဆုံးသူ ၁၅၀,၀၀၀ ကျော်ရှိပြီး၊ တတိယနေရာက ဘရာဇီးနိုင်ငံကတော့ ကူးစက်ခံရသူ ၉၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၁၀,၀၀၀ ကျော် ရှိပါတယ်။ သူတို့နောက်မှာတော့ ရုရှား၊ယူကေ၊ ပြင်သစ်၊ စပိန်၊ အီတလီ နိုင်ငံတွေပါ။ ဒါ့ပြင် ကူးစက် လူနာ ၁ သန်းကျော်လွန်သွားတဲ့ နိုင်ငံပေါင်းကလည်း ၁၉ နိုင်ငံထိ ရှိလာနေပါပြီ။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ထိုးနှံပေးနေသော်ငြားလည်း ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေလည်း တွေ့လာရပါတယ်။ ယူကေ၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေကနေ စတင်ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်တွေကြောင့်လည်း လတ်တလောမှာ လေကြောင်းသွားလာခွင့်၊ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အကြီးအကဲက ကမ္ဘာတဝန်း ဆင်းရဲချမ်းသာ နိုင်ငံတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တန်းတူညီမျှ ရရှိရေးအတွက် ပြောဆိုလိုက်ပြီး၊ ချမ်းသာတဲ့ နိုင်ငံတွေကပဲ လက်ဝါးကြီးအုပ် ဆေးဝယ်ယူမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Ref: Aljazeera
You may also like these stories:
ဘာလဲဟဲ့ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”