Coronavirus Update

ဗီယက်နမ်မှာ ၂ လအကြာ ပြည်တွင်းကူးစက်မှုအသစ် ပြန်တွေ့ရှိ

ဗီယက်နမ်နိုင်ငံမှာ ၂ လနီးပါးကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိခဲ့ရာက ကူးစက်မှုအသစ် ပြန်လည် တွေ့ရှိလာရပါတယ်။ တာဝန်ရှိသူတွေကတော့ ကူးစက်မှုအသစ်လှိုင်းဟာ ယခင်ကထက် ပိုပြင်းထန်နိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

ရက်ပေါင်း ၅၅ ရက်ကြာ COVID-19 ပြည်တွင်း ကူးစက်မှု မရှိခဲ့တဲ့ ဗီယက်နမ်မှာ ဇန်နဝါရီ ၂၈ ရက်က ကူးစက်မှုအသစ် ပြန်လည် တွေ့ရှိတာကြောင့် လူထောင်နဲ့ချီ ဗိုင်းရပ်စ် စစ်ဆေးခဲ့ပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်း ကူးစက်မှုအသစ် ၂ ခု တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ကူးစက်မှုတွေနဲ့ ဆက်စပ်ပြီး ထပ်မံ စစ်ဆေးခဲ့ရာမှာ ၈၁ ဦး တွေ့ရှိလို့ စုစုပေါင်း တရက်တည်း ၈၃ ဦး ကူးစက်ခံရတာကြောင့် နေ့စဉ် ကူးစက်မှု စံချိန်တင် ဖြစ်လာခဲ့ပါတယ်။ ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် နယ်စပ် ဝင်ပေါက်တွေ ပိတ်ထားခဲ့တာကြောင့် ယခင်က ဗီယက်နမ်မှာ ကူးစက်ခံရသူပေါင်း ၁,၅၅၀ နဲ့ သေဆုံးသူ ၃၅ ဦး သာ ရှိခဲ့တာပါ။

တကျော့ပြန် COVID-19 ကူးစက်မှုဟာ မြို့တော် ဟနွိုင်းအနီးနားက Hai Duong နဲ့ Quang Ninh ဒေသတွေက ဖြစ်ပါတယ်။ ဇူလိုင်လတုန်းကလည်း ဒါနန်းမြို့မှာ အစုလိုက် ကူးစက်မှုတွေ တွေ့ရှိခဲ့ဖူးပြီး ပျံ့နှံ့ ကူးစက်လာကာ ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

“ဒါနန်းတုန်းက အခြေအနေထက် အခု Hai Duong ကူးစက်မှုက ပိုဆိုးနိုင်တယ်” လို့ ကျန်းမာရေးဝန်ကြီး Nguyen Thanh Long က အရေးပေါ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ “ဒီနေ့ပဲ လူထောင်နဲ့ချီ ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကူးစက်မှုအသစ် ၂ ဦးထဲက ၁ ဦးဟာ Van Don နိုင်ငံတကာလေဆိပ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းဖြစ်ပြီး နိုင်ငံခြားမှ ပြန်ရောက်လာတဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို COVID-19 Quarantine ဆီ ပို့ဆောင် ကူညီပေးနေသူပါ။ နောက်တဦးကတော့ စက်ရုံလုပ်သားတဦးဖြစ်ပြီး ဂျပန်ကနေ ယူကေဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရပြီး ပြန်ရောက်လာသူ ဗီယက်နမ် လူမျိုးတဦးနဲ့ ထိတွေ့မှု ရှိခဲ့သူပါ။

“လေဆိပ်မှာ အလုပ်လုပ်နေတဲ့ ကူးစက်ခံထားရသူက ဆေးရုံလို ပြင်ပနေရာ တော်တော်များများကို ရောက်ခဲ့ပါတယ်” လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “နောက်ထပ် ကူးစက်ခံထားရသူ စက်ရုံ လုပ်သားကတော့ ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ထားသူနဲ့ ဆက်စပ်နေလို့ အမြန်ဆုံး ထိတွေ့ခဲ့သူတွေကို ခြေရာခံ စုံစမ်းနေတယ်” လို့ ဆိုပါတယ်။

အဆိုပါ ကူးစက်မှုကြောင့် Hai Duong မှာရှိတဲ့ လုပ်သား ၂,၃၄၀ အလုပ်လုပ်နေတဲ့ လျှပ်စစ်စက်ရုံကို ပိတ်ထားလိုက်ပြီး လုပ်သားတွေကိုလည်း Quarantine ပို့ဆောင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ဧပြီလမှာ စတင် ကူးစက်ခံရတဲ့ ကိုဗစ် ပထမလှိုင်း ကြုံတွေ့ပြီးနောက် ရက် ၁၀၀ နီးပါးအကြာ ဇူလိုင်လအတွင်း ဒါနန်းမြို့မှာ အစုလိုက် ကူးစက်မှုတွေ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

Ref: CNA

You may also like these stories:

ထိုင်ဝမ်မှာ အမျိုးသားတဦး Quarantine ချိုးဖောက်မှုနဲ့ ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခံရ

အင်ဒိုနီးရှားတွင် သက်ကြီးပိုင်းထက် အလုပ်လုပ်ကိုင်သည့် လူရွယ်များကို ကာကွယ်ဆေး ဦးစားပေး

အင်ဒိုနီးရှားမှာ COVID-19 ကူးစက်လူနာပေါင်း ၁ သန်း ပြည့်ပြီ

Loading