တောင်ကိုရီးယားမှာ Social distancing ကန့်သတ်ချက် ဖြေလျှော့ဦးမည် မဟုတ်
တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း လျော့ကျလာပေမယ့် နောက်ထပ် ကူးစက်မှုလှိုင်းအသစ် ဖြစ်လာနိုင်ချေကြောင့် Social distancing ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ကြန့်ကြာနေဦးမယ်လို့ ဆိုပါတယ်။
မကြာခင်မှာ ကျရောက်တော့မယ့် နှစ်သစ်ကူးပွဲတော်ကြောင့် ကူးစက်မှုတွေ ပြန်မြင့်တက်မလာအောင် ထိန်းချုပ်နေဆဲချိန်မှာ ဘာသာရေးကျောင်းတွေနဲ့ ဆက်စပ် ကူးစက်မှုအသစ်တွေ ရှိလာတာကြောင့် ကန့်သတ်ချက်တွေကို ထားရှိနေရပါတယ်။ နိုင်ငံတဝန်းမှာရှိတဲ့ ခရစ်ယာန် ဘာသာရေးကျောင်းတွေနဲ့ ဆက်စပ် ကူးစက်ခံရသူနှုန်းဟာ ဇန်နဝါရီ ၂၉ ရက်က အမြင့်ဆုံးအဖြစ် ၃၄၄ ဦး ရှိခဲ့ပါတယ်။
ဝန်ကြီးချုပ် Chung Sye-kyun ရဲ့ ပြောကြားချက်အရ ပညာရှင်တွေ လေ့လာချက်မှာ ကူးစက်မှုအသစ်တွေကြောင့် နောက်ထပ် ကိုဗစ်လှိုင်းသစ် ဖြစ်လာမယ့် အရိပ်ယောင်တွေ ရှိနေလို့ အစိုးရက ထုတ်ပြန်ထားတဲ့ Social distancing ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
“ရောက်လာတော့မယ့် နှစ်သစ်ကူးကာလမှာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး စီမံချက်တွေ သဲထဲရေသွန် ဖြစ်မသွားအောင် သတိထား လုပ်ဆောင်နေတယ်” လို့ ဝန်ကြီးချုပ် Chung Sye-kyun က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ Social distancing မူဝါဒပိုင်းဟာ ညမထွက်ရနဲ့ ကန့်သတ်ချက်တွေကို တင်းလိုက်လျှော့လိုက် ပုံစံမျိုး လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုးလ်မြို့ ကိုရီးယားတက္ကသိုလ် ဂူရိုဆေးရုံက ကူးစက်ရောဂါ ဗေဒပါမောက္ခ Kim Woo Joo က ပြောပါတယ်။
“နိုင်ငံမှာ ဖေဖော်ဝါရီလလောက်ကတည်းက တင်းလိုက်လျှော့လိုက် ပုံစံမျိုးနဲ့ ပုံမှန် အခြေအနေ ပြန်ရောက်တော့မယ် ဆိုပြီး မျှော်လင့်လာကြတာ။ ပြည်တွင်းကူးစက်မှုတွေ များနေသရွေ့ ဖြေလျှော့ပေးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး” လို့ ပါမောက္ခ Kim Woo Joo က ဆိုပါတယ်။
ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအေဂျင်စီ (KDCA) ရဲ့ ဇန်နဝါရီ ၂၈ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း COVID-19 ကူးစက်ခံထားရသူပေါင်း ၇၇,၃၉၅ ဦးနဲ့ သေဆုံးသူ ၁,၃၉၉ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။
အစိုးရပိုင်းက ကူးစက်မှု လျော့ကျလာစေဖို့ ကူးစက်နိုင်ချေများတဲ့ ပြည်သူ ၁၀ သန်းကို ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်နေကြောင်း ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် Chung က အာရှမှာ စတုတ္ထစီးပွားရေးအင်အားကြီး နိုင်ငံဖြစ်တဲ့ ကိုရီးယားမှာ နိုဝင်ဘာလလောက် ပြည်သူလူထုအတွင်း ရောဂါခုခံနိုင်စွမ်း (Herd Immunity) ရရှိ ပြီး ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
Ref: Reuters
You may also like these stories:
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုပေါင်း သန်း ၁၀၀ ကျော်ပြီ
ထိုင်ဝမ်မှာ အမျိုးသားတဦး Quarantine ချိုးဖောက်မှုနဲ့ ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခံရ