ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့တန်းကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုကို COVID-19 စည်းမျည်းစည်းကမ်း ချိုးဖောက်မှုနဲ့ စုံစမ်း မေးမြန်းနေပါတယ်။ သူဟာ အီတလီနိုင်ငံက ချမှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး Piedmont နဲ့ Valle d’Aosta ဒေသတွေဆီ ခရီးထွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
ပြင်သစ်၊ ဆွစ်ဇာလန်နိုင်ငံတွေနဲ့ နယ်မြေ ထိစပ်နေတဲ့ အီတလီမြောက်ပိုင်း တောင်ပေါ် အပန်းဖြေမြို့လေး Courmayer ကို ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ချစ်သူ မိန်းကလေး Georgina Rodriguez တို့ ဇန်နဝါရီ ၂၆၊ ၂၇ ရက်တွေမှာ လာရောက် အပန်းဖြေသွားခဲ့တယ်လို့ Valle d’Aosta ဒေသ ရဲဌာနက အတည်ပြု ပြောကြားလာပါတယ်။
အာဏာပိုင်တွေလည်း ရော်နယ်ဒို သွားရောက်ခဲ့တယ်ဆိုတဲ့ နေရာကနေ ဆိုရှယ်မီဒီယာပေါ် တင်ထားတဲ့ ဗီဒီယိုကြောင့် သတိထားမိလာတာပါ။ ရော်နယ်ဒိုဟာ အဆိုပါ နေရာမှာ ချစ်သူ Rodriguez ရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့ပွဲကို သွားရောက် ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကို ချစ်သူ Rodriguez က သူ့ရဲ့ Instagram အကောင့်မှာ အမှတ်တရ ဗီဒီယိုလေးကို တင်လိုက်ရာက သတိထားမိလာကြပြီး COVID-19 ကူးစက်ရောဂါ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတာပါ။ နောက်ပိုင်း တင်ထားတဲ့ ဗီဒီယိုကို ဖျက်သွားပေမယ့် အီတလီ မီဒီယာတွေမှာ သတင်းတွေ တက်လာခဲ့ပါတယ်။
The Gazzetta dello အားကစားသတင်းမှာဆိုရင် ရော်နယ်ဒိုနဲ့ Rodriguez တို့ဟာ အင်္ဂါနေ့ညက အပန်းဖြေမြို့လေးက ဟိုတယ်မှာ အချိန်ဖြုန်းခဲ့ပြီး နှင်းလျှောစီးခဲ့ကာ နောက်တနေ့မှာ တူရင်မြို့ကို ပြန်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ အီတလီနိုင်ငံရဲ့ Piedmont နဲ့ Valle d’Aosta ဒေသတွေဟာ လိမ္မော်ရောင်ဇုံထဲမှာ ပါဝင်နေပြီး အစိုးရက အသွားအလာ ကန့်သတ်တားမြစ်ထားတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ အလုပ်ကိစ္စကလွဲလို့ သွားလာခွင့် ပိတ်ပင်ထားဆဲပါ။ တကယ်လို့ ခရစ္စတီယာနို ရော်နယ်ဒိုသာ စွပ်စွဲခံထားရတဲ့အတိုင်း သွားရောက်ခဲ့တယ်ဆိုရင် ဒဏ်ကြေး ယူရို ငွေ ၄၀၀ ( အမေရိကန်ဒေါ်လာ ၄၈၅ ) ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ အောက်တိုဘာလတုန်းကလည်း COVID-19 ရောဂါ ကူးစက်ခံရတာကြောင့် Quarantine သီးခြားခွဲနေစဉ် ၂ ပတ် မပြည့်ဘဲ ပေါ်တူဂီကို ပြန်သွားခဲ့တယ်လို့ အီတလီအားကစားဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ် စည်းကမ်း ချိုးဖောက်မှုနဲ့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။
Ref: Aljazeera
You may also like these stories:
ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒို COVID-19 ကူးစက်ခံရ
ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို
ဘောလုံးသမားဘဝထက် ဗီဒီယိုဂိမ်း ကစားသမားဘဝမှာ ငွေပိုဝင်နေတဲ့ ဒေးဗစ်ဘက်ခမ်း