ဗြိတိန်နိုင်ငံဟာ ယူအေအီးနိုင်ငံကနေ တိုက်ရိုက် ပျံသန်းလာမယ့် ခရီးသည်တင် လေကြောင်လိုင်းတွေကို ဇန်နဝါရီ ၂၉ ရက်ကစလို့ ပိတ်ပင်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ သွားလာမှု အများဆုံးဖြစ်တဲ့ လန်ဒန်-ဒူဘိုင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပိတ်လိုက်တာပါ။
တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိရတဲ့ ကူးစက်နှုန်းပိုမြန်ပြီး၊ COVID-19 ကာကွယ်ဆေးကို ခံနိုင်ရည်ရှိတယ်လို့ ယူဆရတဲ့ ဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက် ပျံ့နှံ့လာမှာကို စိုးရိမ်တာကြောင့် ဗြိတိန်ဟာ နိုင်ငံတွင်း ဝင်ထွက်ခွင့် ပိတ်ပင်ထားတဲ့ စာရင်းထဲ ရာဝမ်ဒါ၊ ဘူရန်ဒီအပြင် ယူအေအီးကိုပါ ထပ်မံ ထည့်သွင်းလိုက်ပါတယ်။
“လေကြောင်းဝင်ထွက်ခွင့် ပိတ်ပင်ခံထားရတဲ့ နိုင်ငံတွေဆီကနေ တိုက်ရိုက်ရော၊ တဆင့်ပါ ဝင်ရောက်လာသူတွေကို တားမြစ်ထားပါတယ်။ ဗြိတိန်၊ အိုင်းရစ်နဲ့ တတိယနိုင်ငံသားတွေကတော့ အိမ်မှာပဲ သီးသန့် ၁၀ ရက် Home Quarantine နေထိုင်ဖို့ သတ်မှတ်ပေးထားပါတယ်” လို့ ယူကေပို့ဆောင်ရေးဝန်ကြီး Grant Shapps က ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထားပါတယ်။
ယူအေအီးအခြေစိုက် Emirates နဲ့ Etihad Airways တွေရဲ့ ဝက်ဘ်ဆိုက်မှာလည်း ယူကေနိုင်ငံသို့ ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းထားကြောင်း ဗြိတိန်နိုင်ငံက ဇန်နဝါရီ ၂၉ ရက် အမိန့်ထုတ်ပြန်ပြီးချိန်မှာ ဖော်ပြထားပါတယ်။
ယူကေ ပို့ဆောင်ရေးဌာနက ယူအေအီးမှာ ရောက်နေတဲ့ ဗြိတိန်နိုင်ငံသားတွေကို တိုက်ရိုက် မဟုတ်တဲ့ လေကြောင်းလိုင်းတွေကနေ ပြန်လာကြဖို့ အကြံပြုထားပါတယ်။ ဒူဘိုင်း-လန်ဒန် လေကြောင်းခရီးစဉ်ဟာ ကမ္ဘာပေါ် မှာ အသွားအလာအများဆုံး လမ်းကြောင်းတခုဖြစ်ပြီး လစဉ် လေကြောင်းခရီးသည် ၂၀၀,၀၀၀ နီးပါးလောက် ရှိတယ်လို့ လေကြောင်း အချက်အလက်တွေ ထုတ်ပြန်ပေးနေတဲ့ OAG မှာ ဖော်ပြထားပါတယ်။
ယူအေအီးကို အလုပ်နဲ့သွားရင်း အပန်းဖြေခရီး သွားခဲ့ကြတဲ့ ပုံတွေကို အွန်လိုင်းပေါ်တင်ရာက ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံသားတွေကြား အလည်အပတ် သွားရောက်ရာ နေရာအဖြစ် ရေပန်းစားလာခဲ့တာပါ။ လက်ရှိမှာတော့ ယူအေအီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တကျော့ပြန်မြင့်တက်လာတာကြောင့် Lockdown ချ ကန့်သတ်ထားပါတယ်။
ယူအေအီးလေကြောင်းလိုင်း Emirates ကိုယ်တိုင်က Quarantine ကင်းလွတ်ခွင့် ရထားတဲ့ နေရာ၊ ကမ္ဘာ့မြောက်ဘက်ခြမ်းနိုင်ငံက ဆောင်းရာသီကို နွေးနွေးထွေးထွေး သာသာယာယာ ဖြတ်သန်းချင်တယ်ဆိုရင် အလည်ပတ်လာခဲ့ဖို့ ကြော်ငြာခဲ့ပေမယ့် နှစ်သစ်ကူးကာလကစလို့ COVID-19 ကူးစက်နှုန်းတွေ ပြန်မြင့်တက်လာတာကြောင့် ခရီးသွားလာခွင့်တွေ ပိတ်ထားရပါတယ်။
Ref: Reuters , AFP
You may also like these stories:
ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည်
သြစတြေးလျမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ပြီးနောက် ပြည်ဝင်ခွင့် တင်းကျပ်
တရုတ်က ဗြိတိန် လေကြောင်းခရီးစဉ် အားလုံးကို အကန့်အသတ် မရှိ ရပ်ဆိုင်း