ကပ်ရောဂါကာလ အစောပိုင်းမှာ ကျန်းမာရေး ရန်ပုံငွေ ရရှိအောင် ခြံထဲ လမ်းလျှောက်ပြခဲ့တဲ့ အသက် ၁၀၀ ကျော်အရွယ် စစ်ပြန်ကြီး Tim Moore ဟာ ဆေးစစ်ခဲ့ပြီးနောက် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိလို့ ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်လူမျိုး စစ်ပြန် စစ်သားဟောင်းကြီးဟာ မနှစ်က အသက် ၁၀၀ ပြည့် မွေးနေ့မတိုင်ခင် ဧပြီလတုန်းက ကျန်းမာရေး ရန်ပုံငွေ ရှာပေးပုံတွေကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပါ။
လန်ဒန်မြို့ မြောက်ပိုင်း Marston Moretaine ရွာလေးက သူ့ အိမ်ပန်းခြံထဲမှာ လမ်းလျှောက် အကူထိန်းစက်နဲ့ လမ်းလျှောက်ပြီး ရန်ပုံငွေ ရှာပေးခဲ့တာ ဖြစ်ပါတယ်။
ရန်ပုံငွေအတွက် စတာလင်ပေါင် ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၃၇၀) လောက်ရမယ့်လို့ သူ ခန့်မှန်းခဲ့ပေမယ့် National Health Service (NHS) အတွက် တကယ်တမ်း စတာလင်ပေါင် သန်း ၃၀ ကျော် (အမေရိကန် ဒေါ်လာ ၄၁ သန်း) တောင် ကူညီ ရှာဖွေပေးနိုင်ခဲ့ပါတယ်။
“ကျမ အားလုံးကို ပြောပြချင်လို့ပါ။ ကျမ အဖေ ဆေးရုံတင်ထားရပါတယ်။ အရင်ပတ်ကစပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပြလာလို့ ဆေးစစ်လိုက်တော့ COVID-19 Positive ဆိုပြီး အဖြေထွက်လာပါတယ်။ အစပိုင်းတော့ အိမ်မှာပဲ ထားတာပါ။ နောက်တော့ အသက်ရှုရ ခက်လာတာနဲ့ ဆေးရုံတင်လိုက်ရပါတယ်။ အရေးပေါ်ခန်းမှာတော့ မဟုတ်ဘူး။ ပုံမှန် ကုသဆောင်မှာပါ” လို့ သမီးဖြစ်သူ Hannah Ingram-Moore က Instagram မှာ တင်ထားပါတယ်။
သူဟာ အရင်ပတ်ကတည်းက ဆေးကုသ စောင့်ရှောက်မှုတွေ ခံယူနေပြီး Bedford ဆေးရုံဝန်ထမ်းတွေက သက်သောင့်သက်သာဖြစ်အောင် လိုအပ်တာကို အကုန်ပြုစု စောင့်ရှောက်ပေးနေပါတယ်။ သူ အမြန်ဆုံး ပြန်သက်သာလာပြီး အိမ်ကို ပြန်လာနိုင်ဖို့ ဆုတောင်းနေတယ်လို့ သမီးဖြစ်သူက ဆိုပါတယ်။
ယူကေနိုင်ငံမှာ COVID-19 ကာကွယ်ဆေးကို လူ ၉ သန်းနီးပါး ထိုးနှံပေးထားပြီး အသက် ၈၀ ကျော်အရွယ်တွေကို ဦးစားပေးအဖြစ် ထည့်သွင်းထားပါတယ်။ သတင်းမှာ ဖော်ပြချက်အရ မစ္စတာ Moore ဟာ နမိုးနီးယားကို ကုသနေတာကြောင့် ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကလည်း မစ္စတာ Moore ဟာ တတိုင်းပြည်လုံးရဲ့ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ အမြန်ဆုံး ပြန်လည် သက်သာလာပါစေကြောင်း ဆုတောင်းမေတ္တာပို့နေပါတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ အတိုက်ခံခေါင်းဆောင် Keir Starmer ကလည်း အမြန်ဆုံး ပြန်လည် သက်သာပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
Ref: Aljazeera
You may also like these stories:
ယူကေမှာ ကိုဗစ် ကာကွယ်ဆေးသစ် Novavax ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ
ဗြိတိန်က ဒူဘိုင်းနဲ့ တိုက်ရိုက် လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်
တောင်ကိုရီးယားမှာ Social distancing ကန့်သတ်ချက် ဖြေလျှော့ဦးမည် မဟုတ်