တရုတ်နိုင်ငံကနေ မှာယူထားတဲ့ COVID-19 ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။ ကာကွယ်ဆေး ၂ သိန်းကျော် ရောက်ရှိလာတာကို ဝန်ကြီးချုပ် ပရာရွတ်နဲ့တကွ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေဟာ သုဝဏ္ဏဘူမိ လေဆိပ်မှာ စောင့်ကြိုခဲ့ကြပါတယ်။
ဘေဂျင်းကနေ ထိုင်းနိုင်ငံတကာလေကြောင်းလိုင်းနဲ့ သယ်ဆောင်လာတဲ့ ကာကွယ်ဆေးတွေဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၀၅ မိနစ်မှာ ဘန်ကောက်ကို ရောက်ရှိခဲ့ပါတယ်။
“ဒီနေ့ကတော့ ပထမဆုံး ကာကွယ်ဆေး ရောက်လာတဲ့ တကယ့် သမိုင်းဝင်နေ့ပါပဲ။ အစိုးရပိုင်းကလည်း စီစဉ်ထားတဲ့အတိုင်း ရအောင် ကြိုးစားပေးခဲ့ပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ နောက်ထပ်လည်း အစီအစဉ်အတိုင်း ရောက်တော့မှာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါခုခံနိုင်စွမ်း ရမယ့် ဆေးပမာဏ အလုံအလောက် မှာယူထားပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပရာရွတ်က ဆိုပါတယ်။
တရုတ်နိုင်ငံ Sinovac Life Science ကုမ္ပဏီကနေ ဆေးအရေအတွက် ၂ သန်းစာ ထိုင်းဘတ်ငွေ ၁ ဒသမ ၂ ဘီလီယံဖိုး မှာယူထားတာဖြစ်ပြီး ပထမအသုတ်အဖြစ် ၂ သိန်း လက်ခံရရှိခဲ့တာပါ။ စနေနေ့ကစတင်ကာ ဆေးတွေကို သတ်မှတ်ပေးထားတဲ့ ဆေးရုံတွေဆီ စတင်ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရေးကိုတော့ မတ်လ ၁ ရက် (တနင်္လာနေ့) မှာ စတင်မယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခရိုင် ၁၃ ခုက အသက် ၁၈ နှစ် ကနေ ၅၉ နှစ်ကြား အရွယ်တွေကို ဦးစားပေး ထိုးနှံပေးသွားမှာပါ။ ဘန်ကောက်၊ ဆမွတ်ဆခွန်၊ တက်ခ်၊ ဖူးခက်၊ ချင်းမိုင် အစရှိတဲ့ နေရာ ၁၃ နေရာက ပြည်သူတွေကို ဦးစားပေး ထိုးနှံမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး လက်ခံရရှိရေး အခမ်းအနားမှာ တရုတ်နိုင်ငံဘက်ကလည်း နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထင်ဟပ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံကို မတ်လမှာ နောက်ထပ် Sinovac ကာကွယ်ဆေး ၈ သိန်း၊ ဧပြီလ မှာ ၁ သန်း ရောက်လာဖို့ ရှိပါတယ်။
ဘန်ကောက်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးဆိုင်ရာ စစ်တမ်းတခုအရ ၆၈ ဒသမ ၆၇ ရာခိုင်နှုန်းက ထိုးနှံသွားဖို့ အလိုရှိပြီး၊ ၅၄ ဒသမ ၁ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာ စောင့်ကြည့်ပြီးမှ ထိုးနှံချင်တယ်လို့ ဆိုပါတယ်။ ဒါဟာ လူဦးရေ ၁,၂၅၈ ဦးကို မေးမြန်းထားတာပါ။
၃၁ ဒသမ ၃ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးချင်ကြဘဲ၊ ၁၈ ဒသမ ၈ ရာခိုင်နှုန်းကတော့ ဘေးထွက်ဆိုးကျိုးတွေအတွက် စိုးရိမ်နေပါတယ်။ ၁၄ ဒသမ ၅ ရာခိုင်နှုန်းကတော့ ကူးစက်မခံရဘူးလို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် National Institute of Development Administration (Nida) ရဲ့ စစ်တမ်းမှာလည်း လေးပုံတပုံဟာ ကာကွယ်ဆေး မထိုးချင်ကြဘူးလို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
ထိုင်းဝန်ကြီးချုပ် ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး ထိုးပြမည်ဟုဆို
အာဏာသိမ်းအပြီး ကိုဗစ်ထိန်းချုပ်ရေးစနစ် ယိုယွင်းလာနေ
ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးမည့်သူများ စုရပ်တွင် ထိုးပေးမည်