တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် မူလအစကို သွားရောက် လေ့လာခဲ့တဲ့ မှတ်တမ်းကို မတ်လထဲ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မူလရင်းမြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် WHO မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ တရုတ်နိုင်ငံကို ၂၀၂၁ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၁၃ ရက်နေ့မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ စတင် ကူးစက်ပြီး ၁ နှစ် ကျော်ကြာမှ နိုင်ငံတွင်းကို ဝင်ရောက် လေ့လာခွင့် ပေးခဲ့တာပါ။
ကျွမ်ကျင်ပညာရှင်အဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက်ကနေ ၂၇ ရက်ထိ Quarantine ဝင်ခဲ့ကြပြီးနောက် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို သွားရောက် စုံစမ်းခွင့်ရခဲ့ပါတယ်။ ဝူဟန်မြို့ရှိ ပင်လယ်စာဈေးအပြင်၊ ဗိုင်းရပ်စ် စတင် လွတ်ထွက်လာရာလို့ မှတ်ချက်ပြုခံထားရတဲ့ ဓာတ်ခွဲခန်းကိုပါ သွားရောက် လေ့လာခဲ့ပြီး တရုတ် ရောဂါဗေဒပညာရှင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစီရင်ခံစာကို မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ WHO အကြီးအကဲက ပြောကြားခဲ့ပါတယ်။ အဆိုပါ အစီရင်ခံစာမှာ အဆင့် ၂ ဆင့် ပါဝင်ပြီး နှစ်ခုလုံးကို တပြိုင်တည်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
“ကျနော် အပါအဝင် အဖွဲ့ဝင်နိုင်ငံ တော်တော်များများလည်း WHO ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာကို ဖတ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ အစီရင်ခံစာ ရေးတာ နောက်ဆုံး လက်စသတ်ရမယ့်အဆင့် ရောက်နေပါပြီ။ မတ်လ ၁၅ ရက်ဆို ထုတ်ပြန်ပေးနိုင်ပြီ” လို့ အကြီးအကဲ Adhanom Ghebreyesus က ဆိုပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ပထမဆုံးလူနာကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ တွေ့ရှိခဲ့ကြတာပါ။ ဒါပေမဲ့လည်း နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ဟာ ဗိုင်းရပ်စ် မူလရင်းမြစ်ကို ရှာဖွေစုံစမ်းနိုင်ဖို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အခွင့်အရေး ရခဲ့ပါတယ်။
WHO ဦးဆောင်တဲ့ စုံစမ်းရေးပညာရှင်အဖွဲ့ဟာ ၄ ပတ်ကြာ ဝူဟန်မြို့မှာ နေထိုင်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ ပညာရှင်တွေကတော့ ဗိုင်းရပ်စ် စတင် ကူးစက်ရာလမ်းကြောင်းဟာ လင်းနို့တွေကတဆင့် လူသားမျိုးနွယ်တွေဆီ ကူးစက်သွားခဲ့တာဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဝူဟန်မြို့ကို သွားရောက်စုံစမ်းခဲ့တဲ့ မစ်ရှင်ကတော့ အောင်မြင်မှု မရခဲ့ဘူးလို့ တရုတ်နိုင်ငံက မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ပညာရှင်အဖွဲ့ဟာ ဗိုင်းရပ်စ် မူလရင်းမြစ်ကို အတိအကျ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။
နိုင်ငံတကာက ပညာရှင် ၂၆ ယောက်စုပေါင်းပြီး စုံစမ်းမှုအသစ် ထပ်လုပ်ပေးဖို့ အိတ်ဖွင့်ပေးစာတစောင် ရေးသားခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာ့ကပ်ရောဂါ COVID-19 မူလအရင်းမြစ်ကို မချဉ်းကပ်နိုင်သေးဘူးလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။
WHO ရဲ့ စုံစမ်းမှုဟာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ မရရှိခဲ့သလို၊ ကန့်သတ် ချုပ်ခြယ်မှုတွေနဲ့ ဘောင်အတွင်းက လုပ်ဆောင်ခဲ့တာသာဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်း ရေးသားထားပါတယ်။
Ref: Aljazeera
You may also like these stories:
အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းကို ရောက်ရှိ
ထိုင်းဝန်ကြီးချုပ် ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး ထိုးပြမည်ဟုဆို