ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ အစိုးရအဖွဲ့က COVID-19 ကာကွယ်ဆေး AstraZeneca ထိုးနှံရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ မတ်လ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။ အနောက်ဥရောပ နိုင်ငံတချို့မှာ ကာကွယ်ဆေးထိုးပြီး သွေးခဲမှု ခံစားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို ထိုးနှံရေးတွေ ရပ်ဆိုင်းလိုက်တာပါ။
ကျန်းမာရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ Siriraj ဆေးရုံအုပ် Prasit Watanapa က ဒိန်းမတ်၊ အိုက်စလန်၊ နော်ဝေးနိုင်ငံတွေမှာ AstraZeneca ကာကွယ်ဆေးထိုးပြီး သွေးခဲတယ်ဆိုတဲ့ ဖြစ်ရပ်တွေ ထွက်ပေါ်လာတာကြောင့် ထိုင်းနိုင်ငံမှာ အဆိုပါ ဆေးထိုးနှံရေးဟာ နှောင့်နှေး ကြန့်ကြာနေဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး AstraZeneca ကာကွယ်ဆေးထိုးပြီး သွေးခဲ သေဆုံးခဲ့တာကြောင့် ဆေးထိုးနှံရေးကို ၂ ပတ်ကြာ ယာယီ ရပ်ဆိုင်းထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
တခြား ဥရောပနိုင်ငံတွေကလည်း ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် တုံ့ပြန် ပြောဆိုလာကြပါတယ်။ အိုက်စလန်နဲ့ နော်ဝေးနိုင်ငံကလည်း ဆေးထိုးနှံရေး ရပ်ဆိုင်းတာဟာ ကြိုတင် ကာကွယ်ရာရောက်တယ်လို့ ဆိုပါတယ်။
“AstraZeneca ကာကွယ်ဆေးက ကောင်းတယ် ဆိုသော်ငြားလည်း နိုင်ငံတချို့မှာ ရပ်ဆိုင်းထားဖို့ ပြောနေတာတွေ ရှိနေပြီ။ ဒါကြောင့် ကျနော်တို့လည်း ရွှေ့ဆိုင်းထားတယ်” လို့ ထိုင်းနိုင်ငံ COVID-19 ကာကွယ်ဆေး ကော်မတီ အကြံပေး Piyasakol Sakolsatayadorn က ဆိုပါတယ်။
လူဦးရေ ၆၆ သန်းခွဲကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ ၂၆,၆၇၉ ဦး ရှိပြီး၊ ၈၅ ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ပြန်လည် စတင် ကူးစက်ခံခဲ့ရတဲ့ ကိုဗစ် ဒုတိယလှိုင်းကို လက်ရှိ အချိန်မှာတော့ ထိန်းချုပ်နိုင်နေပြီး၊ နေ့စဉ် ကူးစက်သူ ၁၀၀ အောက်သာ ရှိပါတော့တယ်။
ထိုင်းနိုင်ငံဟာ ကာကွယ်ဆေး ထိုးနှံရေးအတွက် AstraZeneca ကာကွယ်ဆေးအပေါ်မှာ အများဆုံးယုံကြည် အားကိုးထားပြီး ပြည်သူ ၆၁ သန်းစာအတွက် ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတာပါ။ AstraZeneca ကို ပြည်တွင်းမှာ ထုတ်လုပ်မယ့် အစီအစဉ်ကတော့ ဇွန်လအထိ အဆင်သင့် မဖြစ်နိုင်သေးတာကြောင့် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို လတ်တလောမှာ အသုံးပြု ထိုးနှံပေးနေပါတယ်။
ယခင်အပတ်ကပဲ ထိုင်းကို AstraZeneca ကာကွယ်ဆေး ၁၁၇,၃၀၀ ရောက်ရှိထားပေမယ့် အဆိုပါဆေးတွေဟာ ဥရောပကို ပို့ပေးခဲ့တဲ့ အသုတ်နဲ့ မတူဘူးလို့ ဆိုပါတယ်။ အာရှနိုင်ငံတွေမှာတော့ AstraZeneca ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သွေးခဲမှုဖြစ်ရပ်တွေ သတင်းထွက်လာတာမျိုး မရှိသေးဘူးလို့ ထိုင်းနိုင်ငံ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
Ref: CNA
You may also like these stories:
WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ် အစီရင်ခံစာကို မတ်လ ၁၅ ရက် ထုတ်ပြန်မည်
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ပထမအသုတ် ထိုင်းကို ရောက်ရှိ
ထိုင်းဝန်ကြီးချုပ် ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး ထိုးပြမည်ဟုဆို